ကမ္ဘာ့ဖလားနှင့် ယူရိုပြိုင်ပွဲများတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲဦးထွက်(၂၃)ပွဲ၌ အင်္ဂလန်အသင်း (၅)ပွဲသာ အနိုင်ရရှိခဲ့

ကမ္ဘာ့ဖလားနှင့် ယူရိုပြိုင်ပွဲများတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲဦးထွက်(၂၃)ပွဲ၌ အင်္ဂလန်အသင်း (၅)ပွဲသာ အနိုင်ရရှိခဲ့
Published 19 June 2018

Photo: Daily Mail ပြီးခဲ့သည့် ယူရို-၂၀၁၆ အဖွင့်ပွဲတွင် ရုရှားနှင့် သရေကျခဲ့သည့် အင်္ဂလန်အသင်း

အင်္ဂလန်အသင်းသည် ယနေ့ည မြန်မာစံတော်ချိန် (၁၂း၃၀)နာရီတွင် တူနီးရှားအသင်းနှင့် ကမ္ဘာ့ဖလားအုပ်စုအဖွင့် ပွဲဦးထွက်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အင်္ဂလန်အသင်းအနေဖြင့် ပွဲဦးထွက်ပွဲများတွင် ရလဒ်ကောင်းလေ့မရှိသည့်အတွက် စောင့်ကြည့်ရမည့်အခြေအနေ ဖြစ်နေကြောင်း Daily Mail က ဖော်ပြခဲ့သည်။

အင်္ဂလန်အသင်းသည် ကမ္ဘာ့ဖလားနှင့် ယူရိုပြိုင်ပွဲများတွင် စုစုပေါင်း(၂၃)ကြိမ် ယှဉ်ပြိုင်ကစားခဲ့ရာ၌ ပွဲဦးထွက်တွင် အနိုင်ရရှိသည်မှာ (၅)ပွဲသာရှိပြီး (၇)ပွဲရှုံးကာ (၁၁)ပွဲသရေကျခဲ့သည်။

ထို့ပြင် ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ပါရာဂွေးကို (၁-ဝ)ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းမှာ ပွဲဦးထွက်နောက်ဆုံးအနိုင်ရရှိမှုဖြစ်နေပြီး ယင်းနောက်ပိုင်း ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့ဖလား(၂)ပွဲနှင့် ယူရို(၂)ပွဲ၌ နိုင်ပွဲပျောက်ဆုံးခဲ့သည်။

ယခုကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲရန် ရေပန်းအစားဆုံးအသင်းများအဖြစ် သတ်မှတ်ခံခဲ့ရသော ဘရာဇီးလ်၊ ဂျာမနီ၊ စပိန်၊ အာဂျင်တီးနားတို့မှာလည်း အဖွင့်ပွဲတွင် ရလဒ်ကောင်းများ ရယူနိုင်ခြင်းမရှိခဲ့သည့်အတွက် အင်္ဂလန်အသင်းမှာ ပို၍စောင့်ကြည့်ချင်စရာဖြစ်ခဲ့ရသည်။

အင်္ဂလန်အသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၅၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် စတင်ယှဉ်ပြိုင်ခဲ့ပြီး ယူရိုပြိုင်ပွဲကို ယူရို-၁၉၆၈ ပြိုင်ပွဲတွင် စတင်ယှဉ်ပြိုင်ခဲ့၍ ကမ္ဘာ့ဖလား(၁၄)ကြိမ်၊ ယူရို(၉)ကြိမ် စုစုပေါင်း(၂၃)ကြိမ် ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent