လူစားဝင်ကစားရန် ငြင်းဆန်ခဲ့သော တိုက်စစ်မှူး ကာလီနစ်ကို ခရိုအေးရှားနည်းပြ အိမ်ပြန်လွှတ်

လူစားဝင်ကစားရန် ငြင်းဆန်ခဲ့သော တိုက်စစ်မှူး ကာလီနစ်ကို ခရိုအေးရှားနည်းပြ အိမ်ပြန်လွှတ်
Published 19 June 2018

Photo: Getty Images

ခရိုအေးရှားနည်းပြ ဒါလစ်သည် နိုင်ဂျီးရီးယားအသင်းကို (၂-ဝ)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲ၌ လူစားဝင်ကစားရန် ငြင်းဆန်ခဲ့သော တိုက်စစ်မှူး ကာလီနစ်ကို လူစာရင်းမှ ထုတ်ပယ်လိုက်ပြီး အိမ်ပြန်ရန် ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။

အသက်(၃၀)ရှိပြီဖြစ်သည့် ဝါရင့်တိုက်စစ်မှူး ကာလီနစ်သည် ယခုနောက်ပိုင်းတွင် အရန်ကစားသမားအဖြစ် ရပ်တည်နေရပြီး နောက်ဆုံး(၄)ပွဲဆက် လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ကစားခဲ့ရသည်။

နိုင်ဂျီးရီးယားနှင့်ပွဲတွင်လည်း နည်းပြ ဒါလစ်က ပွဲပြီးခါနီးမှ မန်ဇူကစ်၏နေရာတွင် အစားထိုးရန် ပြင်ဆင်ခဲ့သည့်အတွက် ကာလီနစ်သည် အရန်ခုံမှမထဘဲ ငြင်းဆန်ခဲ့ကြောင်း သိရှိရသည်။

ထို့ကြောင့် ဒါလစ်က အသင်းလူစာရင်းမှ ထုတ်ပယ်လိုက်ပြီး အိမ်ပြန်ရန် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း မီဒီယာများက ဖော်ပြခဲ့ကြပြီး ကာလီနစ်သည် ယခုရက်ပိုင်းအတွင်း ခရိုအေးရှားနိုင်ငံသို့ ပြန်ရတော့မည်ဟု ဆိုခဲ့ကြသည်။

ယခုသတင်းကို ခရိုအေးရှားဘောလုံးအဖွဲ့ချုပ်က အတည်ပြုထုတ်ပြန်ခြင်းမရှိသေးသော်လည်း နည်းပြ ဒါလစ်က ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင် အသင်း၌ ပြဿနာတစ်ခုရှိသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

ယခုကဲ့သို့ ကာလီနစ်ကို အိမ်ပြန်လွှတ်ခဲ့သည့်အတွက် ခရိုအေးရှားအသင်းတွင် တိုက်စစ်မှူးစစ်စစ်အဖြစ် မန်ဇူကစ်တစ်ဦးတည်းသာ ကျန်ရှိတော့မည်ဖြစ်ကြောင်းလည်း သိရှိရသည်။

ကာလီနစ်သည် ပြီးခဲ့သည့်ရာသီက ဖီအိုရင်တီးနားအသင်းမှ အေစီမီလန်အသင်းသို့ အငှားဖြင့်ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး အေစီမီလန်အသင်းက အပြီးသတ်ခေါ်ယူလိမ့်မည်ဟု သတင်းထွက်ခဲ့ဖူးသော်လည်း ယခုအခါ ဆီဗီလာအသင်းသို့ ပြောင်းရွှေ့ဖွယ်ရှိနေကြောင်းလည်း သိရှိရသည်။

Most Read

Most Recent