အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲအတွက် မြန်မာအမျိုးသမီးအသင်း အပြီးသတ်ကစားသမားရွေးချယ်

အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲအတွက် မြန်မာအမျိုးသမီးအသင်း အပြီးသတ်ကစားသမားရွေးချယ်
Published 18 June 2018

Photo: ကောင်းထက်အောင်

မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းသည် ၂၀၁၈ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲအတွက် အပြီးသတ်ကစားသမား (၂၃) ဦး ရွေးချယ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသမီးအသင်းသည် ထိုင်းခြေစမ်းခရီးစဉ်မှ ဇွန် (၁၇) ရက်တွင် ပြန်လည်ရောက်ရှိပြီးနောက် တစ်ရက်အကြာ ဇွန် (၁၈) ရက်တွင် အပြီးသတ်ကစားသမားစာရင်းကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းသည် ထိုင်းခြေစမ်းခရီးစဉ်သို့ ကစားသမား (၂၄) ဦး ခေါ်ဆောင်သွားခဲ့ပြီး ယခုအခါ ကွင်းလယ်ကစားသမား သင်းသင်းယုကို အပြီးသတ်ကစားသမားစာရင်းမှ လျှော့ချခဲ့ခြင်းဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းသည် ဇွန် ၁၉ ရက် (ယနေ့) မှစ၍ ပြန်လည်လေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်ပြီး ၂၀၁၈ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ဇွန် (၂၅) ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ပါလာဘမ်းမြို့သို့ ထွက်ခွာမည်ဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းသည် အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲမတိုင်မီ အိမ်ရှင် အင်ဒိုနီးရှားအမျိုးသမီးအသင်းနှင့် ဇွန် (၂၇) ရက်တွင် ခြေစမ်းကစားမည်ဖြစ်သည်။

မြန်မာအမျိုးသမီးအသင်း၏ နည်းပြချုပ် ဦးဝင်းသူမိုးက ''ပြိုင်ဘက်အသင်းတိုင်းကို အနိုင်ရလဒ်အတွက်ပဲ ကြိုးစားယှဉ်ပြိုင် ကစားသွားမှာပါ။ တစ်ဖက်အုပ်စုပွဲတွေက ကျွန်တော်တို့အုပ်စုထက် တစ်ရက်စောပြီး ကစားရမှာပါ။ ဒါကြောင့် တစ်ဖက်အုပ်စုက အသင်းတွေရဲ့ အခြေအနေတွေကိုကြည့်ပြီး ပြင်ဆင်သွားမှာပါ။ သူတို့အုပ်စုက တစ်ရက်စောပြီး ကစားတာဖြစ်လို့ သူတို့အုပ်စုရဲ့အခြေအနေတွေကို မြင်တွေ့ခွင့်ရမှာပါ။ တစ်ဖက်အုပ်စုမှာက ထိုင်းနဲ့ သြစတြေးလျအသင်းတို့ရဲ့အခြေအနေတွေကို ကြည့်ရမှာပါ။ ကျွန်တော်ကတော့ ပထမအဆင့်အနေနဲ့ အုပ်စုတွင်းမှာ တစ်ပွဲချင်းစီကို သေချာချဉ်းကပ်ပြီး အနိုင်ရဖို့ ပြင်ဆင်သွားမှာပါ။ ဆီမီးအဆင့်မှာ ဘယ်အသင်းနဲ့ပဲ ဆုံတွေ့ဆုံတွေ့ အနိုင်ရဖို့ မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့အသင်း ဗိုလ်လုပွဲရောက်ရှိလိမ့်မယ်လို့ အပြည့်အဝယုံကြည်ပါတယ်''ဟု ပြောကြားသည်။

မြန်မာအမျိုးသမီးအသင်းသည် အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲသမိုင်းတွင် ၂၀၀၄ နှင့် ၂၀၀၇ များ၌ ဗိုလ်စွဲထားသည်။

Most Read

Most Recent