မြန်မာ ယူ-၂၁ အသင်းကို ၂၀၂၀ ပြည့်နှစ်အထိ ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်

မြန်မာ ယူ-၂၁ အသင်းကို ၂၀၂၀ ပြည့်နှစ်အထိ ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်
Published 17 June 2018

ဧပြီက ယူ-၂၁ အသင်းနှင့် MNL All Star အသင်း ခြေစမ်းနေစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် မြန်မာ ယူ-၂၁ အသင်းကို ၂၀၁၉ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက်သာမက ၂၀၂၀ ပြည့်နှစ် အထိ ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။

MFF သည် ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အောင်မြင်မှုရရှိရန် မြန်မာ ယူ-၂၁ အသင်းကို ကာလရှည်ဖွဲ့စည်းထားခြင်းဖြစ်ပြီး ယခုနှစ်ဆန်းပိုင်းမှစ၍ လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။

မြန်မာ ယူ-၂၁ အသင်းသည် လိဂ်ပြိုင်ပွဲရပ်နားသည့်ကာလများတွင် စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး ဧပြီကကျင်းပသည့် ဘရူနိုင်းဘုရင့်ဖလားဖိတ်ခေါ်ပြိုင်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်ရာ ပူးတွဲတတိယဆုသာ ရရှိခဲ့သည်။

မြန်မာ ယူ-၂၁ အသင်းသည် ယင်းပြိုင်ပွဲအပြီးတွင် လေ့ကျင့်မှုရပ်နားထားပြီး စက်တင်ဘာတွင် ပြန်လည်လေ့ကျင့်မည်ဖြစ်သည်။ မြန်မာ ယူ-၂၁ အသင်း သည် ဘရူနိုင်းဘုရင့်ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့်အသင်းကို အခြေခံဖွဲ့စည်းမည်ဖြစ်ပြီး လူငယ်လိဂ်ပြိုင်ပွဲနှင့် MNL ပြိုင်ပွဲမှ အသက်မီသည့်ကစားသမားများကို အားဖြည့်ရွေးချယ်မည်ဖြစ်သည်။

မြန်မာ ယူ-၂၁ အသင်း သည် ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်မီ ၂၀၁၈ ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲ၊ ၂၀၂၀ အာရှ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲများ ယှဉ်ပြိုင်မည်ဖြစ်သည်။

ယင်းအသင်းကို နည်းပြချုပ်အဖြစ် ဦးကြည်လွင်က ကိုင်တွယ်နေပြီး လက်ထောက်နည်းပြအဖြစ် ဦးကျော်လွင်နှင့် ဦးချစ်နိုင်တို့က ဆောင်ရွက်လျက်ရှိသည်။

မြန်မာ ယူ-၂၁ အသင်း လက်ထောက် နည်းပြ ဦးချစ်နိုင်သည် ယခင်ရွေးချယ်ထားသည့် ကစားသမားများ၏ခြေစွမ်းကို စောင့်ကြည့်ရန်နှင့် ကစားသမားသစ်များ ရွေးချယ်ရန် ပြည်တွင်းပွဲများအား လိုက်လံကြည့်ရှုမည် ဖြစ်သည်။

ဦးကြည်လွင်သည် ၂၀၁၅ ဆီးဂိမ်းစ် ပြိုင်ပွဲတွင် မြန်မာအသင်းအား ငွေတံဆိပ် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

Most Read

Most Recent