ရုရှားအမျိုးသမီးများ မည်သူနှင့်မဆို လွတ်လပ်စွာတွဲခွင့်ရှိဟု သမ္မတပူတင်၏ပြောရေးဆိုခွင့်ရှိသူ တုံ့ပြန်

ရုရှားအမျိုးသမီးများ မည်သူနှင့်မဆို လွတ်လပ်စွာတွဲခွင့်ရှိဟု သမ္မတပူတင်၏ပြောရေးဆိုခွင့်ရှိသူ တုံ့ပြန်
Published 16 June 2018

Photo: AFP

ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်က အမျိုးသမီးများအနေဖြင့် မည်သည့်နိုင်ငံသားနှင့်မဆို လွတ်လပ်စွာတွဲခွင့်ရှိကြောင်း တုံ့ပြန် ပြောကြားသည်။

ကမ္ဘာ့ဖလားပြိုင်ပွဲမစတင်မီ ဇွန် ၁၃ ရက်တွင် အမျိုးသမီးလွှတ်တော်အမတ်ဖြစ်သူ ပလက်နီဗာက ရုရှားအမျိုးသမီးများအနေဖြင့် ပြိုင်ပွဲကာလအတွင်း နိုင်ငံခြားသားများနှင့် အတူအိပ်စက်ခြင်းမပြုရန် တိုက်တွန်းပြောကြားမှု ပြုလုပ်ခဲ့သည်။

“အမျိုးသမီးငယ်တွေ အနေနဲ့ တစ်စုံတစ်ယောက်နဲ့တွေ့ဆုံပြီး ရင်သွေးမွေးဖွားလိုက်တာမျိုး မဖြစ်စေချင်ဘူး။ ၁၉၈၀ မော်စကို အိုလံပစ်ပြိုင်ပွဲတုန်းကလည်း ဒေသခံအမျိုးသမီးတချို့က နိုင်ငံခြားသားတွေနဲ့ ချစ်သူဖြစ်ကြပြီး ကိုယ်ဝန်ရသွားတယ်။ ကိုယ့်အချင်းချင်းရတဲ့ရင်သွေးကိုပဲ မွေးစေချင်တယ်။ နိုင်ငံသားရောစပ်တဲ့ကလေးတွေ က အဖေ၊ အမေတစ်ဦးတည်းရှိတဲ့ အခြေအနေ ပိုဖြစ်နိုင်တယ်” ဟု အောက်လွှတ်တော်၏ မိသားစု၊ အမျိုးသမီးနှင့် ကလေးငယ်များကော်မတီ အကြီးအကဲဖြစ်သူ ပလက်နီဗာက ပြောကြားသည်။

ယင်းပြောကြားမှုမှာ လူမျိုးရေး ခွဲခြားမှုဖြစ်ကြောင်း ဝေဖန်မှုများထွက်ပေါ်နေရာ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပက်စ်ကော့ဗ်က သတင်းထောက်များနှင့်တွေ့ဆုံစဉ် ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ဆောင်ပုဒ်ဖြစ်သည့်     “လူမျိုးရေးမခွဲခြားရ” ဟူသောစာသားကို ညွှန်ပြ၍ ”ရုရှားအမျိုးသမီးတွေအနေနဲ့ ပုဂ္ဂိုလ်ရေးကိစ္စတွေကို ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိပါတယ်။ သူတို့တွေဟာ ကမ္ဘာပေါ်မှာအကောင်းဆုံး အမျိုးသမီးတွေပါ” ဟု တုံ့ပြန်ပြောကြားသည်။ ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ပြည်ပနိုင်ငံများမှ လာရောက်သူ သန်းနှင့်ချီ၍ရှိသည်။

Most Recent