ရုရှားဟက်ကာများ၏ အန္တရာယ်ကြောင့် အင်္ဂလန်အသင်း၏ မိုဘိုင်းဖုန်းများတွင် လုံခြုံရေးစနစ်ထည့်သွင်း

ရုရှားဟက်ကာများ၏ အန္တရာယ်ကြောင့် အင်္ဂလန်အသင်း၏ မိုဘိုင်းဖုန်းများတွင် လုံခြုံရေးစနစ်ထည့်သွင်း
Published 15 June 2018

ဇွန် ၁၂ ရက်က စိန့်ပီတာစဘတ်မြို့သို့ အင်္ဂလန်အသင်း ရောက်ရှိလာစဉ် (Photo: AFP)

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) သည် ကမ္ဘာ့ဖလားပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်မည့် အင်္ဂလန်အသင်းကစားသမားနှင့် နည်းပြအဖွဲ့အပါအဝင် တာဝန်ရှိသူများအား ရုရှား ဟက်ကာများ၏အန္တရာယ်မှ လွတ်မြောက်စေရန် မိုဘိုင်းဖုန်းနှင့် အီလက်ထရွန်းနစ်ပစ္စည်းများတွင် လုံခြုံရေးစနစ်ထည့်သွင်းပေးထား ကြောင်း သိရသည်။

ရုရှားဟက်ကာများသည် ပြီးခဲ့သည့်နှစ်များအတွင်း ကမ္ဘာတစ်ဝန်း ဆိုင်ဘာတိုက်ခိုက်မှုဖြစ်စဉ်များတွင် အဓိကပါဝင်ပတ်သက်ခဲ့ကြောင်း ဗြိတိန်က စွပ်စွဲထားပြီး ဗြိတိန်ဂန္ထဝင် စက်ဘီးသမား  ဘရက်ဒလေဝစ်ဂင် အပါအဝင် အားကစားသမားများ၊ ထင်ရှားကျော်ကြားသူများ၏ လျှို့ဝှက်ချက်များကို ရုရှားဟက်ကာများက ဖွင့်ချခဲ့ဖူးကြောင်း သိရသည်။ သို့ဖြစ်ရာ FA သည် ဗြိတိန်ရှိ အမျိုးသားဆိုင်ဘာ လုံခြုံရေးစင်တာ (NCSC) ၏ အကူအညီဖြင့် ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များအား မည်ကဲ့သို့ ကာကွယ်ထိန်းသိမ်းသင့်ကြောင်း ဆွေးနွေးပို့ချမှုပြုလုပ်ထားခြင်းဖြစ်သည်။ ဗြိတိန်အခြေစိုက် Daily Mail သတင်းဌာန၏ ဖော်ပြချက်အရ အင်္ဂလန်အသင်းအဖွဲ့ဝင်အားလုံး၏ မိုဘိုင်းဖုန်းနှင့် အီလက်ထရွန်းနစ်ပစ္စည်းများတွင် လုံခြုံရေးစနစ်ပါဝင်သည့် ဆော့ဖ်ဝဲထည့်သွင်းပေးထားပြီး အင်္ဂလန်သို့ ပြန်လည်ရောက်ရှိမှသာ ပြန်လည်ဖျက်ပစ်ရမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ရုရှားသို့ မသွားရောက်မီ FA ရုံးချုပ်၌ပြုလုပ်သည့် ဆွေးနွေးပွဲတွင်လည်း အွန်လိုင်းဘဏ်စာရင်းများ အသုံးမပြုရန်၊ ဟက်ကာများရရှိသွားနိုင်သည့် အွန်လိုင်းသုံးစွဲမှုများ မပြုလုပ်ရန် အကြံပြု ရှင်းလင်းထားပြီး ကစားသမားများအနေဖြင့် မိမိတို့ပါလာသည့်ပစ္စည်းများအား ဟိုတယ် ခန်းများအတွင်း လျှို့ဝှက်သိမ်းဆည်းထားရန် မှာကြားထားကြောင်း သိရသည်။

FA သည် ကမ္ဘာ့ဖလားပြိုင်ပွဲသို့ သွားရောက်ကြည့်ရှုမည့် ပရိသတ်များအား လုံခြုံရေး သတိပြုရမည့်အချက်များ ထုတ်ပြန်ထားသလို လူရမ်းကားပရိသတ် ၁၀၀၀ ကျော်၏ နိုင်ငံကူးလက်မှတ်များကိုလည်း သိမ်းဆည်းထားကြောင်း သိရသည်။ ဗြိတိန်ပြည်ထဲရေး ဝန်ကြီးဌာနလက်အောက်ရှိ ဘောလုံးလူရမ်းကား တားဆီးရေးဆိုင်ရာ အာဏာပိုင်အဖွဲ့ (FBOA) သည် ဆိုးသွမ်းပရိသတ် ၁၃၁၂ ဦး ၏ ပတ်စ်ပို့များအား သက်ဆိုင်ရာရဲဌာနထံ သွားရောက်အပ်နှံရန် ပြီးခဲ့သည့်ရက်သတ္တပတ်က ညွှန်ကြားထားရာ ဇွန် ၁၃ ရက်အထိ စာရင်းအရ ၁၂၅၄ ဦး အပ်နှံထားပြီးဖြစ်ကြောင်း သိရသည်။ အင်္ဂလန်ပရိသတ်များသည် ယူရို-၂၀၁၆ ပြိုင်ပွဲတွင် ရုရှားပရိသတ်များနှင့် ရန်ပွဲများစွာ ဖြစ်ပွားခဲ့သည်။

Most Recent