စပိန်လက်ရွေးစင်နည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရသည့် လိုပယ်တယ်ဟီ ညတွင်းချင်း စပိန်သို့ ပြန်ခဲ့

စပိန်လက်ရွေးစင်နည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရသည့် လိုပယ်တယ်ဟီ ညတွင်းချင်း စပိန်သို့ ပြန်ခဲ့
Published 14 June 2018

Photo: EPA

ဇွန်လ(၁၃)ရက်နေ့က စပိန်လက်ရွေးစင်အသင်း၏ နည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရသော လိုပယ်တယ်ဟီသည် ညတွင်းချင်း စပိန်နိုင်ငံသို့ ပြန်ခဲ့ကြောင်း သိရှိရသည်။

လိုပယ်တယ်ဟီသည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ရန် ရုရှားနိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်ပြီး စပိန်အသင်းမှာလည်း ဗိုလ်စွဲရန် ရေပန်းအစားဆုံးအသင်းများစာရင်းတွင် ပါဝင်ခဲ့သည်။

သို့သော် လိုပယ်တယ်ဟီသည် ရီးယဲလ်အသင်း၏ နည်းပြသစ်အဖြစ် ကမ်းလှမ်းမှုကို ဇွန်လ(၁၂)ရက်နေ့တွင် လက်ခံခဲ့သည့်အတွက် စပိန်ဘောလုံးအဖွဲ့ချုပ်က ဇွန်လ(၁၃)ရက်နေ့တွင် ရာထူးမှ ထုတ်ပယ်လိုက်ခြင်းလည်းဖြစ်သည်။

စပိန်ဘောလုံးအဖွဲ့ချုပ်က နည်းပြသစ်အဖြစ် ရီးယဲလ်နှင့် စပိန်လက်ရွေးစင်ကစားသမားဟောင်း ဟီယာရိုကို အစားထိုးခန့်အပ်ခဲ့ပြီး ဟီယာရိုက အချိန်တိုအတွင်း၌ အပြောင်းအလဲများစွာ ပြုလုပ်နိုင်ရန်မလွယ်ကူကြောင်းလည်း ဝန်ခံပြောကြားခဲ့သည်။

လိုပယ်တယ်ဟီသည် ဇွန်(၁၃)ရက် ညပိုင်းမှာပင် စပိန်သို့ပြန်ခဲ့ပြီး ခရက်စ်နိုဒါလေဆိပ်သို့ တစ်ဦးတည်းရောက်ရှိလာသည်ကို ဂျာနယ်လစ်များက လိုက်လံသတင်းရယူခဲ့ကြောင်းလည်း သိရှိရသည်။

ဂျာနယ်လစ်များ၏ မေးမြန်းမှုကို လိုပယ်တယ်ဟီက ''ကျွန်တော် ထင်မှတ်မထားတဲ့ အလွန်အံ့အားသင့်စရာဖြစ်ရပ်နဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဒါပေမဲ့ စပိန်အသင်းက ထိပ်တန်းအသင်းတစ်သင်းပါ။ ချန်ပီယံဆုကို ရယူသွားနိုင်ဖို့ မျှော်လင့်ပါတယ်'' ဟုပြောကြားခဲ့သည်။

သို့သော် လိုပယ်တယ်ဟီသည် ကြာသပတေးနေ့(ယနေ့)တွင် ရီးယဲလ်အသင်း၏ နည်းပြသစ်အဖြစ် တရားဝင်မိတ်ဆက်ပွဲ ပြုလုပ်သွားရန် စီစဉ်ထားကြောင်းလည်း သိရှိရသည်။

Most Read

Most Recent