<

ကွန်တီ၏နေရာအစားထိုးရန် အာဂျင်တီးနားနည်းပြနှင့် ဘရာဇီးလ်နည်းပြတို့ကို ချယ်လ်ဆီးအသင်း စောင့်ကြည့်နေ

 

Photos: AFP

ချယ်လ်ဆီးအသင်းသည် အသင်းနည်းပြ ကွန်တီ၏နေရာကို အစားထိုးရန်အတွက် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် လက်ရွေးစင်အသင်းနည်းပြအချို့ကို စောင့်ကြည့်နေကြောင်း သိရှိရသည်။ ချယ်လ်ဆီးအသင်းသည် ကွန်တီ၏နေရာအစားထိုးရန်အတွက် နာပိုလီအသင်းနည်းပြဟောင်း ဆာရီကို ချဉ်းကပ်ကြိုးပမ်းနေသော်လည်း ၎င်းအတွက် ပေးချေရမည့်လျော်ကြေးနှင့်ပတ်သက်၍ နာပိုလီအသင်းနှင့် သဘောတူညီမှုမရခြင်းကြောင့် အခြားသောနည်းပြများကို ပစ်မှတ်ထားနေကြောင်း သိရှိရသည်။

လက်ရှိကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းများထဲမှ တောင်အမေရိက အသင်းကြီးနှစ်သင်းဖြစ်သည့် ဘရာဇီးလ်အသင်း နှင့် အာဂျင်တီးနားအသင်းတို့၏နည်းပြများကို ချယ်လ်ဆီးအသင်း တာဝန်ရှိသူများက စောင့်ကြည့်လေ့လာလျက်ရှိကြောင်း သိရှိရသည်။ ဘရာဇီးလ်အသင်းအား ဘရာဇီးလ်လူမျိုးနည်းပြ ထိထီက ကိုင်တွယ်လျက်ရှိပြီး သူ၏လက်ထက်တွင် ဘရာဇီးလ်အသင်းကို (၂၁)ပွဲကိုင်တွယ်ရာ၌ (၁၇)ပွဲအနိုင်ရကာ (၃)ပွဲ သရေကျပြီး (၁)ပွဲသာ ရှုံးနိမ့်ထားသည်။

ထိထီသည် ဘရာဇီးလ်အသင်းကို ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ၌ ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး အနီးဆုံးပြိုင်ဘက် ဥရုဂွေးအသင်းထက် (၁၀)မှတ်အသာဖြင့် ခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်ပေးခဲ့သည်။ ထို့ပြင် ထိထီ (၅၇ နှစ်)သည် ကိုရင်သီယန်အသင်းကိုကိုင်တွယ်စဉ်က ၂၀၁၂ ဖီဖာကလပ်ကမ္ဘာ့ဖလားအား (ဗိုလ်လုပွဲတွင် ချယ်လ်ဆီးကို အနိုင်ယူကာ)ရယူပေးနိုင်ခဲ့သူဖြစ်သည်။

အာဂျင်တီးနားအသင်းကို အာဂျင်တီးနားလူမျိုးနည်းပြ ဆမ်ပါအိုလီက ၂၀၁၇၊ ဇွန်လမှစတင်၍ကိုင်တွယ်နေပြီး စုစုပေါင်း(၁၁)ပွဲကိုင်တွယ်ရာတွင် (၆)ပွဲနိုင်၊ (၃)ပွဲသရေ၊ (၂)ပွဲရှုံးနိမ့်ထားသည်။ ချီလီလက်ရွေးစင်အသင်းနှင့် ဆီဗီလာအသင်းတို့ ကိုကိုင်တွယ်ခဲ့ဖူးသော ဆမ်ပါအိုလီကိုလည်း ချယ်လ်ဆီးအသင်းတာဝန်ရှိသူများက မျက်စိကျနေကြောင်း သိရှိရသည်။ ၎င်းနည်းပြနှစ်ဦး မှာ ချယ်လ်ဆီးအသင်းအတွက် လစာငွေသက် သာနိုင်သည့်နည်းပြများဖြစ်ကြောင်းလည်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

June 13, 2018














Copy Protected by Chetan's WP-Copyprotect.