မလေးရှားနှင့် မြန်မာဘောလုံးပွဲအပြီးတွင် မြန်မာပရိသတ်အချို့ တိုက်ခိုက်ခံရပြီး တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိ

မလေးရှားနှင့် မြန်မာဘောလုံးပွဲအပြီးတွင် မြန်မာပရိသတ်အချို့ တိုက်ခိုက်ခံရပြီး တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိ
Published 23 August 2017

 

 (ဓါတ်ပုံ - နှလုံးလှ ပရဟိတလူငယ်များအဖွဲ့)

သြဂုတ် ၂၁ ရက်က ကစားခဲ့သည့် မလေးရှားနှင့် မြန်မာ ဘောလုံးပွဲအပြီးတွင်  မလေးရှားပရိသတ်အချို့က တိုက်ခိုက်ခဲ့သဖြင့် မြန်မာပရိသတ်အချို့ ဒဏ်ရာများရရှိခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်ပြီး ကုသမှုခံ ယူနေရဆဲဖြစ်ကြောင်း သတင်းရရှိသည်။

လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပျံ့နှံ့ နေသည့် ဆိုင်ကယ်တိုက်ခံရမှုဆိုသည်မှာ လုံးဝမဟုတ်ဘဲ အမှန်တကယ် တိုက်ခိုက်ခံခဲ့ရပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်သည့်အတွက် ရှားအလမ်းဆေးရုံကြီးတွင် ကုသမှုခံယူနေရဆဲ ဖြစ်သည်ဟု နှလုံးလှ ပရဟိတလူငယ်များအဖွဲ့မှ ဦးသက်က ပြောကြားသည်။

“တစ်ယောက်ကတော့ ဒဏ်ရာပြင်းပါတယ်ခင်ဗျ။ သူက မေးရိုးကို အုတ်ခဲနဲ့ အထုခံရတယ်။ ခြေထောက်တွေနဲ့ အကန်ခံရတယ်။ လောလောဆယ်တော့ ဆေးရုံမှာ တင်ထားရဆဲပဲ။ နည်းနည်းတော့ သက်သာလာပြီ။ ခဏနေမှ ဆေးရုံကို ပြန်သွားကြည့်ရမယ်။ ကျန်တဲ့သူတွေလည်း လက်သီးနဲ့အထိုးခံရတာတွေ ဝိုင်းရိုက်ခံရတာတွေရှိတယ်။ ဘောလုံးပွဲအပြီးမှာ ဘောလုံးကွင်း အပြင်ဘက်က ကားပါကင်ဘက်သွားတဲ့နေရာမှာ မီးကမှောင်နေတဲ့အချိန်မှာ ငါးယောက်အုပ်စု ၁၀ ယောက်အုပ်စု အဲဒီလိုမျိုး အုပ်စုလိုက် ရောက်လာပြီး  တိုက်ခိုက်တာဖြစ်ပါတယ်။  ညကတိုက်ခိုက်ခံရတဲ့သူတွေ၊ မထွက်ရဲတဲ့သူတွေကို ကျွန်တော်တို့ လိုက်ပြီး ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ ဆိုင်ကယ်တိုက်ခံရတယ်ဆိုတာ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။

မလေးရှားနှင့်မြန်မာ ကစားမည့် အုပ်စုပွဲမတိုင်မီက မလေးရှားဘောလုံးအဖွဲ့ချုပ်မှ မြန်မာပရိသတ်များ၏လုံခြုံရေးအတွက် အပြည့်အ၀ အာမခံသည်ဟု ပြောကြားထားသော်လည်း ဘောလုံးပွဲအပြီးတွင် ယင်းသို့ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါ ဘောလုံးပွဲအား ရှားအလမ်းကွင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါကွင်းမှာ ပရိသတ် ရှစ်သောင်းနီးပါးဆန့်ကြောင်း၊ မြန်မာအသင်းဘက်မှ လာရောက်အားပေးသည့် ပရိသတ်မှာ ရှစ်ထောင်သုံးရာခန့်ရှိကြောင်း အဆိုပါ ပြိုင်ပွဲသို့ သွားရောက်သတင်းရယူနေသည့် Daily Eleven သတင်းထောက်များက ပြောကြားသည်။

အဆိုပါ ဘောလုံးပွဲ မစတင်မီကတည်းက မလေးရှားနိုင်ငံရောက် မြန်မာလုပ်သားအချို့နှင့် မလေးရှားနိုင်ငံတွင် နေထိုင်သူအချို့က ပွဲလာကြည့်သူများအတွက် အခက်အခဲ မရှိစေရန် လုပ်အားပေးအဖြစ်ဆောင်ရွက်ခဲ့ပြီး မြန်မာပရိသတ်များအား ဝင်ပေါက် A မှသာ ပေးဝင်ခဲ့သည်။ သို့သော် ရိုက်နှက်ခံရသူများတွင် လုပ်အားပေးလုပ်ဆောင်သူများလည်း ပါဝင်ခဲ့ပြီး မလေးရှားအစိုးရ၏ လုံခြုံရေးနှင့် ပတ်သက်ပြီး ဝေဖန်မှုများ ရှိသည်။

“မလေးက အိမ်ရှင်လည်းဖြစ်တယ်။ဘောလုံးပွဲမှာလည်း နိုင်သွားတယ်။ ပွဲပြီးသွားတဲ့အချိန်မှာ ဒီလိုမျိုးတွေလုပ်တာက လုံးဝမကောင်းပါဘူး။ ကျွန်တော်တို့ ရှုတ်ချပါတယ်။ အိမ်ရှင်အနေနဲ့ လုံး၀ မကောင်းပါဘူး”ဟု ဦးသက်ကပြောကြားသည်။

ထိုသို့ မြန်မာပရိသတ်များ တိုက်ခိုက် ခံရခြင်းနှင့် ပတ်သက်၍ အားကစားအဖွဲ့နှင့် လိုက်ပါသွားသည့် အစိုးရတာဝန်ရှိသူများနှင့်သံရုံးကို ပြောကြားထားကြောင်း၊ မလေးရှား အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန်
အားကစားအဖွဲ့များသာမက အားပေးသည့် မြန်မာနိုင်ငံသားများကိုအကာအကွယ်နှင့် လုံခြုံရေးပေးရန် တာဝန်ရှိသူတွေက ဆောင်ရွက်နေကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အရာရှိကြီးတွေလည်း ထပ်လိုက်သွားဖို့ ရှိပါတယ်။ လိုအပ်တာတွေ အားလုံး မှာကြားထားပြီး ဖြစ်ကြောင်း၊ လတ်တလော ဆေးရုံတက်နေရသည့် ပြည်သူများထံ သွားရောက်မေးမြန်းပြီး အားပေးကူညီရန်၊ ဖြစ်စဉ်အမှန်သိရှိနိုင်ရန်၊ မလေးရှားတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ရန် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း နိုင်ငံတော်သမ္မရုံးညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက သူ၏လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

ထို့ပြင် သြဂုတ် ၂၁ ရက်ကလည်း မြန်မာအားကစားအဖွဲ့ လိုက်ပါလာသည့် ယာဉ်မှာ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး Squash အဖွဲ့မှ အားကစားသမားအချို့ ပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့ပေ။

Most Read

Most Recent