အီရန်အသင်းကို ဘောကန်ဖိနပ်ထောက်ပံ့မှု Nike ရပ်ဆိုင်းမည်

အီရန်အသင်းကို ဘောကန်ဖိနပ်ထောက်ပံ့မှု Nike ရပ်ဆိုင်းမည်
Published 13 June 2018

အီရန်အသင်းသားများကို လေ့ကျင့်ရေးကွင်းတွင် တွေ့ရစဉ် (Photo: AFP)

အမေရိကန် နာမည်ကြီးအားကစားပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီ Nike သည်   ကမ္ဘာ့ဖလားအတွက် အီရန်အသင်းအား ဘောကန်ဖိနပ် ထောက်ပံ့ပေးမည့်အစီအစဉ်ကို ရပ်ဆိုင်းခဲ့ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် သည် ပြီးခဲ့သည့်လက အီရန်နှင့် ၂၀၁၅ နျူက လီးယားသဘောတူညီချက်ကို ဖျက်သိမ်းခဲ့သဖြင့် အီရန်အပေါ် အရေးယူပိတ်ဆို့မှုများ ပြန်လည်အသက်ဝင်လာခဲ့သည်။

အမေရိကန်အစိုးရ၏ အရေးယူပိတ်ဆို့မှုများကြောင့် အမေရိကန်ကုမ္ပဏီတစ်ခုဖြစ်သည့် Nike အနေဖြင့် ယခုအချိန်တွင် အီရန်အသင်းကို ဘောကန်ဖိနပ်များ ထောက်ပံ့ပေးနိုင်မည် မဟုတ်ကြောင်း ယင်းကြေညာချက် တွင် ရေးသားထားသည်။ ESPN သတင်းတွင် Nike ၏ဆုံးဖြတ်ချက်သည် အီရန်ဘောလုံး တာဝန်ရှိသူများကို ဦးနှောက်ခြောက်စေခဲ့ပြီး ၂၀၁၄ ကမ္ဘာ့ဖလားတွင်မူ Nike မှာ ယခုကဲ့သို့  အရေးယူပိတ်ဆို့ဆဲကာလတွင် အီရန်အသင်းကို ထောက်ပံ့ပေးခဲ့ကြောင်း ရေးသားခဲ့သည်။ “ကစားသမားတွေဟာ သူတို့ရဲ့အားကစား ပစ္စည်းတွေကို အသုံးပြုခဲ့တာပါ။ ဒါပေမဲ့ ပြိုင်ပွဲကျင်းပဖို့ ရက်ပိုင်းသာလိုတော့တဲ့အချိန်မှာ ဆုံးဖြတ်ချက်ချတာဟာ မှန်ကန်တဲ့ အရာမဟုတ်ပါဘူး” ဟု အီရန်နည်းပြ ကားလို့စ်ကွီရော့ဇ်က ESPN သို့ ပြောကြားခဲ့သည်။ အီရန်ကစားသမားအချို့သည် အီရန်နိုင်ငံသားမဟုတ်သည့် ကလပ်အသင်းဖော်များထံမှ ဖိနပ်များကို ငှားရမ်းခဲ့ကြပြီး အခြားကစားသမားများမှာမူ သူတို့၏ကိုယ်ပိုင်ငွေဖြင့် အားကစားပစ္စည်းဆိုင်များမှ ဖိနပ်များဝယ်ယူခဲ့ကြောင်း ယင်း ESPN သတင်းတွင် ဖော်ပြခဲ့သည်။ လက်ရှိတွင် အီရန်အသင်း၏အားကစားဝတ်စုံကို ဂျာမန်ကုမ္ပဏီ Adidas မှ ထောက်ပံ့ပေးထားကြောင်း သိရသည်။ အီရန်အသင်းသည် ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲစဉ်အဖြစ် မော်ရိုကို အသင်းနှင့် ဇွန် ၁၅ ရက်တွင် ကစားရမည် ဖြစ်သည်။

Most Read

Most Recent