ရန်ကုန်နည်းပြချုပ် ဦးမျိုးမင်းထွန်းနှင့် ဆယ်လာ ပွဲပယ်ခံရပြီး ရန်ကုန်အသင်းကို ဒဏ်ကြေး ကျပ် ၁၀ သိန်း ချမှတ်

ရန်ကုန်နည်းပြချုပ် ဦးမျိုးမင်းထွန်းနှင့် ဆယ်လာ ပွဲပယ်ခံရပြီး ရန်ကုန်အသင်းကို ဒဏ်ကြေး ကျပ် ၁၀ သိန်း ချမှတ်
Published 13 June 2018

ဓာတ်ပုံ – ညီညီစိုးညွန့်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် ဇွန် ၁၀ ရက်က အောင်ဆန်းကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် ရန်ကုန်အသင်းနှင့် ဧရာဝတီအသင်းတို့၏ MNL ပွဲစဉ် (၁၅) မှ ဖြစ်ရပ်များအတွက် အရေးယူမှုပြုလုပ်ခဲ့ပြီး ရန်ကုန်အသင်းနည်းပြချုပ် ဦးမျိုးမင်းထွန်းနှင့် တိုက်စစ်မှူးဆယ်လာ ကို ပွဲပယ်နှင့် ဒဏ်ကြေးငွေများ ချမှတ်ခဲ့ ကြောင်း သိရသည်။

MFF စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် ဇွန် ၁၂ ရက် နံနက်ပိုင်းတွင် ယင်းဖြစ်ရပ်များအတွက် အစည်းအဝေးပြုလုပ်ပြီး ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်သည်။ ကွင်းအတွင်းသို့ ရေဘူးတစ်ဘူး ရောက်ရှိခဲ့ခြင်း ကြောင့် ရန်ကုန်အသင်းအား ဒဏ်ကြေး ကျပ် ၁၀ သိန်း ချမှတ်ခဲ့ပြီး နည်းပြချုပ် ဦးမျိုးမင်းထွန်းကိုမူ ၎င်း၏ အပြုအမူများအတွက် သုံးပွဲပယ်နှင့် ဒဏ်ကြေး ကျပ်ခြောက်သိန်း ချမှတ်ခဲ့သည်။ ဦးမျိုးမင်းထွန်းသည် မကွေးနှင့်ပွဲအပြီးတွင်လည်း ကစားသမားများအား မနှုတ်ဆက်စေဘဲ ကွင်းပြင်ပသို့ ထွက်ခွာစေခဲ့သောကြောင့် ပွဲပယ်နှင့် ဒဏ်ကြေးချမှတ်ခံရဖူးသည်။ ရန်ကုန်တိုက်စစ်မှူး ဆယ်လာမှာမူ ပွဲအပြီးတွင် အရန်ဒိုင်အား ဆဲဆိုခဲ့၍ သုံးပွဲပယ်နှင့် ကျပ်သုံးသိန်း ချမှတ်ခဲ့သည်။ ရန်ကုန် အသင်းသည် ဆယ်လာအနေဖြင့် ဒိုင်အား ဆဲဆိုခဲ့ခြင်းမရှိသည့်အတွက် ပွဲပယ်ပြစ်ဒဏ်အား အယူခံဝင်မည်ဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပမည့် ရုရှားနိုင်ငံသို့ ရောက်ရှိနေ သော MNL CEO နှင့် တာဝန်ရှိသူများထံသို့ အီးမေးလ်ဖြင့် ပေးပို့သွားမည်ဖြစ်သည်။ MFF စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် ယင်းပွဲတွင် ဆုံးဖြတ်ချက်အားနည်းခဲ့သည့် ကွင်းလယ်ဒိုင်လူကြီး ဦးကျော်ဇောလွင်ကို ဒိုင်လူကြီးဌာနမှ အရေးယူရန် ညွှန်ကြားခဲ့သည်။

Most Read

Most Recent