စပိန်လက်ရွေးစင် ကွင်းလယ်လူဟောင်း အလွန်ဆိုနှင့် တွေ့ဆုံခြင်း

စပိန်လက်ရွေးစင် ကွင်းလယ်လူဟောင်း အလွန်ဆိုနှင့် တွေ့ဆုံခြင်း
Published 11 June 2018

“အခုလောလောဆယ် စပိန်ထက်ပိုကောင်းတဲ့အသင်း မတွေ့သေးပါဘူး”

လီဗာပူးလ်၊ ရီးယဲလ်မက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ်အသင်းများတွင် ပါဝင်ကစားခဲ့သည့် စပိန်လက်ရွေးစင် ကွင်းလယ်လူဟောင်း ဇာဘီအလွန်ဆိုသည် ၂၀၁၇ ခုနှစ် နွေရာသီတွင် ကစားသမားဘဝမှ အနားယူပြီးနောက် နည်းပြဘဝသို့ကူးပြောင်းရန် ပြင်ဆင်မှုများပြုလုပ်နေပြီဖြစ်သည်။

စပိန်အသင်းနှင့်အတူ ကမ္ဘာ့ဖလားချန်ပီယံ တစ်ကြိမ် (၂၀၁၀)၊ ယူရိုချန်ပီယံ နှစ်ကြိမ် (၂၀၀၈၊ ၂၀၁၂) ရရှိဖူးသည့် အလွန်ဆိုအား FIFA ဝက်ဘ်ဆိုက်က ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ တွေ့ဆုံမေးမြန်းထားရာ ပြန်လည်ဖော်ပြအပ်ပါသည်။

 

မေး - အခုဆိုရင် ဘောလုံးလောကအပြင်ကို ရောက်သွားတာ တစ်နှစ်ရှိသွားပြီဆိုတော့ အဲဒီအချိန်တွေကို ဘယ်လိုဖြတ်သန်းခဲ့လဲ။

ဖြေ - အဆင်ပြေပါတယ်။ ကျွန်တော့် ဘဝရဲ့ ခြေလှမ်းတွေကတော့ လုံးဝကို ပြောင်းလဲသွားပါတယ်။ ဒီလိုဖြစ်လာမယ်ဆိုတာ အများကြီးစဉ်းစားပြီးမှ ဆုံးဖြတ်ခဲ့တာပါ။ ဒါကြောင့် ကစားသမားဘဝကို သတိရပေမဲ့ အရင်ကလိုပဲ အဆင်ပြေအောင် ကြိုးစားပါတယ်။

 

မေး - လိုပယ်တက်ဟီရဲ့ စပိန်အသင်းအကြောင်း ဘယ်လောက်သိထားလဲ။

ဖြေ - သူက ကိုယ့်အလုပ်ကို ကောင်းကောင်း လုပ်တတ်သူပါ။ သူက လုပ်ရမယ့် အရာတွေကို ခေါင်းထဲမှာ ပြတ်ပြတ်သားသား ဆုံးဖြတ်ထားပြီး သူလိုချင်တာကိုလည်း ကစားသမားတွေကို အတိအကျပြောတတ်သူပါ။ အဲဒီလိုမဟုတ်ဘူးဆိုရင်တော့ ကိုယ့်ရဲ့ ရည်မှန်းချက်တွေကို ရယူဖို့မဖြစ်နိုင်ပါဘူး။

 

မေး - ကမ္ဘာ့ဖလားတစ်ကြိမ်၊ ဥရောပဖလား နှစ်ကြိမ် ရခဲ့တဲ့အသင်းနဲ့ လက်ရှိအသင်းကြားမှာ တူညီတဲ့အချက်တွေရှိတယ်လို့ထင်လား။

ဖြေ - ပွဲတစ်ပွဲကို ထိန်းချုပ်တဲ့ပုံစံ၊ ဘောလုံးပေးပို့မှုနဲ့ Direct Football ပုံစံ မကစားသေးတဲ့အချက်တွေကတော့ တော်တော်လေးတူတယ်လို့ ပြောရမယ်။ လိုပယ်တက်ဟီရဲ့ စပိန်အသင်းက ဒီအချက်တွေနဲ့ အရမ်းနီးစပ်ပြီး ဒါက စပိန်ဘောလုံးကို အားကောင်းလာစေပါတယ်။ ဒါတွေက ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်မှု၊ ပွဲအခြေအနေဖတ်နိုင်တဲ့ အရည်အချင်းနဲ့ နည်းစနစ်ပိုင်းကျွမ်းကျင်မှုတွေပါ။ ဒီအချက်က တခြားအသင်းတွေနဲ့ ကွဲပြားခြားနားစေပါတယ်။  ပြီးတော့ နည်းဗျူဟာ ကြွယ်ဝမှုနဲ့ မတူကွဲပြားတဲ့ပွဲတွေမှာ လိုအပ်သလို အပြောင်းအလဲလုပ်နိုင်မှုလည်း ပါပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘောလုံးကစားနည်းက ခက်ခဲမှုတွေ ပိုများလာပြီး ဘယ်လိုအဆင်ပြေအောင် လုပ်ရမလဲဆိုတာ သိနေဖို့ လိုပါတယ်။

 

မေး - ပင်ကိုအရည်အချင်းတွေအကြောင်း ဖယ်ထားမယ်ဆိုရင် ချန်ပီယံအောင်မြင်မှုရဖို့အတွက် စပိန်အသင်းရဲ့ လျှို့ဝှက်ချက်က ဘာဖြစ်မလဲ။

ဖြေ - အသင်းအဖွဲ့စိတ်ဓာတ်က အရမ်းအရေးကြီးတယ်။ ရည်မှန်းချက်ပြည့်မြောက်ဖို့ အားလုံးအတူ တိုက်ပွဲဝင်ရမယ့်စိတ်ရှိဖို့က အရမ်းအရေးကြီးပါတယ်။ အဲဒီစိတ်ဓာတ်သာရှိရင် အားလုံးအောင်မြင်နိုင်ပြီး ဒီစိတ်မရှိရင်တော့ လဲပြိုသွားမှာပဲ။ လက်ရှိအသင်းက ဒီအချက်တွေ ပြည့်စုံနေတယ်လို့ ကျွန်တော်တော့ မြင်တယ်။ ပါဝင်နေသူတွေကလည်း အသက်အရွယ်မျိုးစုံပါပဲ။ အတွေ့အကြုံရင့်ကျက်သူတွေက စိတ်အား ထက်သန်မှု၊ နိုင်ပွဲဆာလောင်မှုတွေ ကို တခြားသူတွေလည်းရရှိအောင် မျှဝေပေးနိုင်တုန်းပါပဲ။ ဒါက အရမ်းကောင်းတဲ့အချက်ပါ။

 

မေး - La Roja (စပိန်အသင်း၏နာမည်ပြောင်) က ချန်ပီယံဆုအတွက် ထင်ကြေးပေးခံရတဲ့အသင်းပါ။ သူတို့ရဲ့အခြေအနေနဲ့ တခြား အသင်းတွေရော အခွင့်အရေးဘယ်လောက်ရှိမယ်လို့ ထင်လဲ။

ဖြေ - အဲဒီလိုမပြောချင်ပေမဲ့ ရေပန်းစားတဲ့ စာရင်းထဲမှာတော့ သူတို့ (စပိန်) ကို ထည့်ထားရမှာပါ။ ဘာကြောင့်လဲဆိုတော့ အခုလောလောဆယ်မှာ စပိန်ထက်ပိုကောင်းတဲ့အသင်း ကျွန်တော်မတွေ့သေးပါဘူး။ ပွဲတွေကစားတဲ့အချိန်ကျရင် ဘယ်လိုဖြစ်လာမလဲဆိုတာတော့ ကျွန်တော်မသိပါဘူး။ ဂျာမနီကလည်း တော်တော်ရေပန်းစားတဲ့အသင်းပါ။ သူတို့က အရမ်းတောင့်တင်းပြီး ဗိုလ်စွဲဖို့ အမြဲတမ်းထင်ကြေး ပေးခံရလေ့ရှိတယ်။ အဲဒီလိုမဟုတ်ရင်တောင် ချန်ပီယံနဲ့နီးစပ်မှုရှိတယ်။ သူတို့ကစားနေတဲ့ပုံစံအရ ဆီမီးလောက် မရောက်ဘူးဆိုရင်တောင် တော်တော်အံ့အားသင့်စရာကောင်းမှာပါ။ သူတို့က ချန်ပီယံဖြစ်သလို အသင်းမှာ မျိုးဆက်သစ်တွေလည်း ပါဝင်လာလို့ပါ။ ဘရာဇီးလ်ကလည်း ဒီစာရင်းမှာပါပါတယ်။ ဒီသုံးသင်းကတော့ ကျန်တဲ့အသင်းတွေအားလုံးရဲ့အထက်မှာရှိမယ်လို့ ကျွန်တော်ထင်တယ်။ ပြီးတော့ အာဂျင်တီးနားနဲ့ ပြင်သစ်ကလည်း အံ့အားသင့်စရာ လုပ်ပြနိုင်တဲ့နှစ်သင်းပါ။ သူတို့ရော ဘာကြောင့် ဗိုလ်မစွဲနိုင်ရမှာလဲ။

 

မေး - နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပရိသတ်တစ်ဦးအနေနဲ့ ပထမဆုံးအကြိမ် ကြည့်ရမှာဆိုတော့ ဘာအစီအစဉ်တွေ လုပ်ထားပြီးပြီလဲ။

ဖြေ - ပွဲကြီးပွဲကောင်းတွေကို ကျွန်တော်နဲ့အတူ ကြည့်နေကျလူတွေနဲ့ ကြည့်ဖြစ်မှာပါ။ ပြီးတော့ ဗိုလ်လုပွဲကိုလည်း သွားကြည့်ချင်ကြည့်ဖြစ်လိမ့်မယ်။ ကျွန်တော့်ဆီမှာ လက်မှတ်ကတော့ရှိနေပြီ။ ဆိုတော့ စပိန်အသင်း အဲဒီအဆင့်ရောက်ဖို့ပဲလို တော့တယ်။ (ရယ်လျက်)

 

Did You Know?

- အလွန်ဆို၏ ဖခင်နှင့် အစ်ကိုဖြစ်သူသည် ပရိုဘောလုံးသမားများဖြစ်။

- ဆိုစီဒက်လူငယ်အသင်းမှ ထွက်ပေါ်လာသူဖြစ်ပြီး လီဗာပူးလ် (၂၀၀၄-၂၀၀၉)၊ ရီးယဲလ် (၂၀၀၉-၂၀၁၄)၊ ဘိုင်ယန် (၂၀၁၄-၂၀၁၇) အသင်းများတွင် ပါဝင်ကစား။

- ၂၀၀၃ ခုနှစ်တွင် စပိန်လက်ရွေးစင်ဖြစ်လာပြီး ၂၀၁၄ ကမ္ဘာ့ဖလားအပြီး အနားမယူခင်အထိ ၁၁၄ ပွဲ ကစားခွင့်ရ။

- စပိန်အသင်းနှင့် ကမ္ဘာ့ဖလားတစ်ကြိမ်၊ ယူရိုချန်ပီယံ နှစ်ကြိမ်ရရှိပြီး ကလပ်အသင်းများနှင့် ချန်ပီယံလိဂ်ဖလား နှစ်ကြိမ်၊ အမှတ် ပေးချန်ပီယံ လေးကြိမ်၊ ပြည်တွင်ဖလား လေး ကြိမ်၊ ဥရောပစူပါဖလား နှစ်ကြိမ်ရရှိ။

- နည်းပြသင်တန်းတက်ထားပြီး ရီးယဲလ် လူငယ်အသင်းတစ်သင်းအား ကိုင်တွယ်ဖွယ်ရှိ။

Most Read

Most Recent