အောင်လံတွင် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကျင်းပစဉ် နှစ်ဖက်အသင်း ပရိသတ်များ ခိုက်ရန်ဖြစ်ပွားကာ ခုနစ်ဦးဆေးရုံရောက်

အောင်လံတွင် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကျင်းပစဉ် နှစ်ဖက်အသင်း ပရိသတ်များ ခိုက်ရန်ဖြစ်ပွားကာ ခုနစ်ဦးဆေးရုံရောက်
Published 10 June 2018

မကွေးတိုင်းဒေသကြီး အောင်လံမြို့တွင် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကျင်းပစဉ် နှစ်ဖက်အသင်း ပရိသတ်များ ခိုက်ရန်ဖြစ်ပွားကာ ခုနစ်ဦး ဒဏ်ရာရရှိခဲ့ပြီး အောင်လံပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။

အောင်လံမြို့နယ် အားကစားကွင်းတွင် ဇွန် ၈ ရက် ညနေပိုင်းက မိုးဖုံးကျေးရွာ ဘောလုံးအသင်းနှင့် မြင့်မိုရ်စံ FC (တန်ဘိုးကျေးရွာ ပန်းမတကျေးရွာနှင့် ရွာထောင်ရပ်ကွက် ပူးပေါင်းအသင်း) မြို့နယ်အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား အသက် ၁၇ နှစ် အောက် အမျိုးသားဘောလုံးပွဲ ဗိုလ်လုပွဲစဉ်တွင် နှစ်ဖက်အသင်း ကစားသမားများ အချင်းများရာမှတစ်ဆင့် နှစ်ဖက်အသင်းပရိသတ်များ ခိုက်ရန် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဖြစ်တာကတော့ ကစားသမားအချင်းချင်း ကွင်းထဲမှာ ခိုက်ရန်ဖြစ်ကြတာပေါ့။ ကစားသမားတွေဖြစ်တော့ အပြင်က ပရိသတ်တွေပါ ခိုက်ရန်ဖြစ်ခဲ့တာပေါ့။ တုတ်တွေ၊ အုတ်ခဲတွေနဲ့ တစ်ဖက်နဲ့တစ်ဖက် ရိုက်ကြပေါက်ကြတယ်။ ခံရတဲ့လူကလည်း သွေးတွေရဲလို့။ ဆေးရုံရောက်သွားတဲ့ လူတွေလည်း အများကြီးပဲ။ နောက်ဆုံးမှ ရဲတပ်ဖွဲ့က သေနတ်တွေ၊ ဒိုင်းတွေ ထုတ်ပြီးတော့ လူစုခွဲခဲ့ရတယ်” ဟု ဖြစ်စဉ်ကို မျက်မြင်တွေ့သူ အောင်လံမြို့ခံ ကိုဝေဖြိုးက ပြောကြားသည်။

“တစ်ဖက်နဲ့တစ်ဖက် ရိုက်ကြပေါက်ကြလို့ တန်ဘိုးကျေးရွာက လူခုနစ်ဦး ဆေးရုံရောက်သွားကြတယ်။ ဒဏ်ရာတွေကတော့ မစိုးရိမ်ရပါဘူး။ ရန်ပွဲကို ရဲတပ်ဖွဲ့က လူစုခွဲခဲ့ရပါတယ်။ လက်ရှိတော့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမှုဖွင့် အရေးယူမှုတွေ လုပ်ဖို့ရှိပါတယ်” ဟု အောင်လံမြို့နယ် ရဲစခန်းတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

Most Read

Most Recent