ပထမပိုင်းသွင်းဂိုးတွေနဲ့ နိုင်ဂျီးရီးယားကို အနိုင်ရခဲ့တဲ့ အင်္ဂလန်

ပထမပိုင်းသွင်းဂိုးတွေနဲ့ နိုင်ဂျီးရီးယားကို အနိုင်ရခဲ့တဲ့ အင်္ဂလန်
Published 3 June 2018

အင်္ဂလန်အသင်းအတွက် ဒုတိယဂိုးကို အသင်းခေါင်းဆောင် ဟာရီကိန်း သွင်းယူနေစဉ် (Photo: Reuters)

ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်နေတဲ့ အင်္ဂလန်အသင်းဟာ အိမ်ကွင်း ဝင်ဘလေမှာ ကစားခဲ့တဲ့ နိုင်ဂျီးရီးယားအသင်းနဲ့ ခြေစမ်းပွဲမှာ ကာဟေးလ်၊ ဟာရီကိန်းတို့ရဲ့ ပထမပိုင်းသွင်းဂိုးတွေနဲ့ အနိုင်ရသွားခဲ့ပါတယ်။

အင်္ဂလန်နည်းပြ ဆောက်ဂိတ်ဟာ (၃-၁-၄-၂)ပုံစံမှာ စတာလင်နဲ့ အသင်းခေါင်းဆောင်သစ် ဟာရီကိန်းတို့ကို တိုက်စစ်မှာ တွဲဖက်ပေးပြီး အက်ရှ်လေယန်းနဲ့ စပါးနောက်ခံလူ ထရစ်ပီယာတို့ တောင်ပံမှာ ထားကစားစေခဲ့ပါတယ်။ ဒိုင်ယာကတော့ ကွင်းလယ်အဖျက်ပုံစံမျိုး ကစားခဲ့ပြီး အယ်လီနဲ့ လင်ဂတ်တို့ကတော့ တိုက်စစ်ကို ပံ့ပို့သူတွေ အဖြစ် ကစားခဲ့တာပါ။ နောက်တန်းမှာတော့ ကာဟေးလ်၊ စတုန်းစ်နဲ့ ဝေါ်လ်ကာတို့ကို တွဲဖက်ပေးပြီး ဂိုးသမားအဖြစ် ပစ်ဖို့ဒ်ကို ပွဲထုတ်ခဲ့ပါတယ်။

နိုင်ဂျီးရီးယားအသင်းကတော့ (၄-၂-၃-၁)ပုံစံနဲ့ ပွဲထွက်ခဲ့ပြီး အီဂါလိုကို အထောင်ထားကာ အီဝိုဘီ၊ မီခေးလ်၊ မိုဆက်စ်၊ အိုနာဇီ စတဲ့ ကစားသမားတွေနဲ့ လူစုံခဲ့ပါတယ်။

ပွဲစတာနဲ့ အင်္ဂလန်အသင်းဟာ ပိုဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲချိန်(၇)မိနစ်မှာပဲ အဖွင့်ဂိုးရခဲ့ပါတယ်။ ထရစ်ပီယာ ကန်တင်ပေးတဲ့ ထောင့်ကန်ဘောကို ကာဟေးလ်က ခေါင်းတိုက် သွင်းယူပေးခဲ့တာပါ။ အဲဒီနောက်မှာလည်း အင်္ဂလန်ကပဲ ဖိကစားခဲ့လို့ နိုင်ဂျီးရီးယားတို့ တန်ပြန်တိုက်စစ်လောက်ပဲ ကစားနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ စတာလင် ခြေပေါ်ခဲ့ပြီး အခွင့်အရေးတွေ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ ဂိုးတော့ မရခဲ့ပါဘူး။ အင်္ဂလန်အတွက် ဒုတိယဂိုးကိုတော့ (၃၉)မိနစ်မှာ အသင်းခေါင်းဆောင်ဟာရီကိန်းက စတာလင်နဲ့ ဝမ်းတူးရိုက်ပြီး ဧရိယာထိပ်က ခပ်ပြင်းပြင်းကန်ချက်နဲ့ သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ နိုင်ဂျီးရီးယားတို့ ချေပဂိုးရဖို့ ကြိုးစားခဲ့ပြီး ပွဲချိန်(၄၇)မိနစ်မှာပဲ ချေပဂိုး ရသွားခဲ့ပါတယ်။ အီဂါလိုရဲ့ ကန်သွင်းချက် တိုင်ထိပြီး ပြန်ထွက်လာတာကို ဧရိယာထဲမှာ အသင့်ရှိနေတဲ့ အီဝိုဘီက အပြင်းပိတ်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ နှစ်သင်းစလုံး လူစားလဲမှုတွေ ပြုလုပ်ပြီး တစ်ဖက်နဲ့ တစ်ဖက် တိုက်စစ်ဆင် ကစားခဲ့ကြသလို ဂိုးသွင်းခွင့်တွေလည်း ရခဲ့ပေမယ့် အသုံးမချနိုင်လို့ အင်္ဂလန်တို့ ဝင်ဘလေမှာ နိုင်ပွဲရသွားခဲ့ပါတယ်။

Most Read

Most Recent