လုပ်ပွဲဖန်တီးရန်အတွက် လာဘ်ငွေတောင်းခံခဲ့ကြောင်း ဝန်ခံသူ ဆော်ဒီဒိုင်လူကြီးအား ကမ္ဘာ့ဖလားပြိုင်ပွဲမှ FIFA ထုတ်ပယ်

လုပ်ပွဲဖန်တီးရန်အတွက် လာဘ်ငွေတောင်းခံခဲ့ကြောင်း ဝန်ခံသူ ဆော်ဒီဒိုင်လူကြီးအား ကမ္ဘာ့ဖလားပြိုင်ပွဲမှ FIFA ထုတ်ပယ်
Published 1 June 2018

Photo: Getty Images

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) သည် လုပ်ပွဲဖန်တီးရန်အတွက် လာဘ်ငွေတောင်းခံခဲ့ကြောင်း ဝန်ခံထွက်ဆိုထားသူ ဆော်ဒီအာရေဗျ ဒိုင်လူကြီး ဖာဟက်ဒ်အယ်လ်မီဒါဆီအား ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ တာဝန်ယူကိုင်တွယ်မည့် ဒိုင်လူကြီးစာရင်းမှ ထုတ်ပယ်လိုက် ပြီဖြစ်ကြောင်း သိရသည်။

အသက် ၃၂ နှစ်သာရှိသေးသူ အယ်လ်မီဒါဆီသည် ဆော်ဒီအာရေဗျနိုင်ငံ၏ အလားအလာအရှိဆုံး ဒိုင်တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး ၂၀၁၆ ရီယိုအိုလံပစ်ပြိုင်ပွဲ နှင့် ၂၀၁၇ ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲတွင်လည်း ကိုင်တွယ်ခွင့်ရခဲ့သည်။ သို့သော် ၎င်းသည် ဆော်ဒီဘုရင့်ဖလား ဗိုလ်လုပွဲအဖြစ် အယ်လ်အစ်တီဟစ်နှင့် အယ်လ်ဖာဆယ်လီ အသင်းတို့ ယှဉ်ပြိုင်မည့်ပွဲမတိုင်မီ အယ်လ်အစ်တီဟစ်အသင်းဥက္ကဋ္ဌထံ ချဉ်းကပ်၍ အနိုင်ရလိုပါက မိမိအား လာဘ်ငွေပေးရန် တောင်းခံခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ထို့ကြောင့် ဆော်ဒီအာရေဗျဘောလုံး အဖွဲ့ချုပ် (SAFF) က ၎င်းအား တစ်သက်တာ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း တာဝန်ပေးအပ်ခြင်းမပြုရန် FIFA ထံ အကြောင်းကြားစာပေးပို့ခဲ့သည်။ သို့ဖြစ်ရာ FIFA ဒိုင်ကော်မတီသည် SAFF ၏ တောင်းဆိုမှုကို စစ်ဆေးမှုပြုလုပ်ပြီးနောက် အယ်လ်မီဒါဆီအပါအဝင် ဆော်ဒီအာရေဗျ စည်းကြပ်ဒိုင်နှစ်ဦးကိုပါ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ တာဝန်ပေးအပ်မည်မဟုတ်ကြောင်း မေ ၃၀ ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။

Most Read

Most Recent