လီဗာပူးလ်ကစားသမားသစ် ဘရာဇီးလ်ကွင်းလယ်လူ ဖာဘင်ညိုနှင့် တွေ့ဆုံခြင်း

လီဗာပူးလ်ကစားသမားသစ် ဘရာဇီးလ်ကွင်းလယ်လူ ဖာဘင်ညိုနှင့် တွေ့ဆုံခြင်း
Published 30 May 2018

မေ ၂၈ ရက်မှာ လီဗာပူးလ်အသင်းက ကစားသမားသစ်တစ်ဦးကို မထင်မှတ်တဲ့ခေါ်ယူမှုပြုလုပ်ခဲ့ပါတယ်။ သတင်းတွေမထွက်ဘဲနဲ့ မိုနာကိုအသင်းက ဘရာဇီးလ်ကွင်းလယ်လူ ဖာဘင်ညိုကို ကနဦးပြောင်းရွှေ့ကြေး ပေါင် ၃၉ သန်း၊ Add-Ons ကြေး ပေါင်လေးသန်းနဲ့ ကာလရှည်စာချုပ်ချုပ်ဆိုပြီး ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဖာဘင်ညိုနဲ့ လီဗာပူးလ် TV နဲ့ အင်တာဗျူးကို ပြန်လည်ဖော်ပြလိုက်ပါတယ် . . .

 

■ 'ကျွန်တော့်ရဲ့သမိုင်းကို အသင်းမှာ ရေးထိုးနိုင်ဖို့ ကြိုးပမ်းသွားမှာပါ'

 

မေး - လီဗာပူးလ်အသင်းက ကြိုဆိုပါတယ်။ ဒီအပြောင်းအရွှေ့ အပြီးသတ်ချိန် ခံစားချက်လေးပြောပြပါ။
ဖြေ - ကျေးဇူးတင်ပါတယ်။ အရမ်းလည်း ပျော်ပါတယ်။ ဒီအပြောင်းအရွှေ့အတွက် တကယ်ပဲ စိတ်လှုပ်ရှားခဲ့ရတာပါ။ အသင်းကြီးတစ်သင်းမှာ ကစားဖို့ဆိုတာ ကျွန်တော်အမြဲ အလိုရှိတဲ့အရာပါပဲ။

မေး - ပြီးခဲ့တဲ့ရက်သတ္တပတ်အကြောင်း ပြောရအောင်။ ပြင်သစ်ဘောလုံးရာသီက ပြီးခဲ့တဲ့အပတ်ကမှ ပြီးဆုံးခဲ့တယ်။ ဒီအပြောင်းအရွှေ့က ဘယ်လိုဖြစ်လာသလဲ။
ဖြေ - ဒီအပြောင်းအရွှေ့ လျင်မြန်စွာဖြစ်လာမယ်ဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်း မြန်မြန်ဆန်ဆန် အပြီးသတ်ဖို့ အလိုရှိခဲ့တာပါ။ အခု ကျွန်တော့်ဆန္ဒအတိုင်း အသင်းနဲ့ လက်မှတ်ရေးထိုးနိုင်လို့ အလွန်ကျေနပ်မိပါတယ်။

မေး - ခင်ဗျားဟာ ၂၄ နှစ်အရွယ်သာရှိသေးပြီး မိုနာကိုမှာ ငါးရာသီကစားခဲ့တယ်။ အခု ပြောင်းရွှေ့သင့်တဲ့အချိန် ရောက်ပြီလို့ ထင်ပါသလား။
ဖြေ ဟုတ်ကဲ့ ကျွန်တော် ဒီလိုပဲယုံကြည်ပါတယ်။ မိုနာကို,ကို လူမသိတဲ့ ကစားသမားတစ်ယောက်အဖြစ် ရောက်ရှိခဲ့တယ်။ ငါးနှစ်တာကာလအတွင်း ဘောလုံးသမားတစ်ယောက်အဖြစ် လုံလောက်တဲ့တိုးတက်မှုကို ရရှိခဲ့ပါတယ်။ ဒီအတွက် မိုနာကိုအသင်းနဲ့ သက်ဆိုင် သူအားလုံးကို ကျေးဇူးတင်ပါတယ်။

မေး - ခင်ဗျားရဲ့ကစားဟန်အကြောင်း ခင်ဗျားကိုယ်တိုင်ပဲ ရှင်းပြပါဦး။
ဖြေ - ကျွန်တော်ဟာ ပွဲကိုဖတ်နိုင်တဲ့ ကစားသမားတစ်ယောက်လို့ ယုံကြည်ပါတယ်။ ပြီးတော့ အားသွန်ခွန်စိုက် ကစားတတ်သူပါ။ လူကပ်ကစားတာ ကောင်းမွန်သူတစ်ဦးလည်း ဖြစ်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ ကျွန်တော် ဟာ ဒီကစားဟန်ကြောင့် အဝါကတ်တချို့ ပြသခံရတယ်။ ဒါဟာ ပြဿနာလို့တော့ ကျွန်တော် မယူဆပါဘူး။ ဒီက ဘောလုံးကစားဟန်နဲ့အသားကျဖို့ အခက်အခဲမရှိနိုင်ဘူးလို့ မျှော်လင့်ပါတယ်။

မေး - ဒီအသင်းကိုပြောင်းလာဖို့ ဘယ်အရာတွေက ခင်ဗျားကို ဆွဲဆောင်ခဲ့ပါသလဲ။
ဖြေ - အကြောင်းအရာတွေက များစွာရှိပါတယ်။ အရေးအကြီးဆုံးအရာကတော့ ဒီအသင်းဟာ ကျွန်တော် အမှန်တကယ်ကစားလိုတဲ့အသင်းလို့ ခံစားရလို့ပါပဲ။

မေး - လီဗာပူးလ်အသင်းကို ရောက်လာချိန် ခင်ဗျားရဲ့အကြီးမားဆုံးရည်မှန်းချက်က ဘာတွေလဲ။
ဖြေ - ရည်မှန်းချက်ကြီးမားတဲ့ အသင်းတစ်သင်းအတွက် မိုနာကို,ကို စွန့်ခွာပြီး လီဗာပူးလ်အသင်းထံ ရောက်လာခဲ့တယ်။ ဒီအသင်းဟာ ပြိုင်ပွဲတိုင်းမှာ အနိုင်ရဖို့ကစားနေတဲ့အသင်းပါပဲ။ ဒီအသင်းမှာ ကျွန်တော့်ရဲ့သမိုင်းကို ရေးထိုးနိုင်ဖို့ ကြိုးပမ်းသွားမှာပါ။ ကိုယ်ပိုင် ဆန္ဒအနေနဲ့ ကျွန်တော် ဒီအသင်းနဲ့ဆုဖလားတွေရဖို့ မျှော်လင့်ပါတယ်။ ကလပ်အသင်းသမိုင်းမှာ အစိတ်အပိုင်းတစ်ခုဖြစ်လာအောင် ကြိုးစားသွားပါမယ်။

မေး - လီဗာပူးလ်အသင်းပရိသတ်တွေကို ဘာများ ပြောချင်ပါသလဲ။
ဖြေ - အသင်းကိုကူညီဖို့ ကျွန်တော် ဒီကို ရောက်ရှိလာတာပါ။ ကွင်းထဲမှာ ကျွန်တော့် ရဲ့အကောင်းဆုံးတွေကို အသင်းအတွက် ပေးဆပ်သွားမှာဖြစ်ပါတယ်။

Most Read

Most Recent