ဒေါ်လာနှစ်သန်း ရယူသည့်ကိစ္စ ရှင်းလင်းသွားပြီဖြစ်၍ ပြစ်ဒဏ်ပယ်ဖျက်ပေးရန် ပလာတီနီ တောင်းဆို

ဒေါ်လာနှစ်သန်း ရယူသည့်ကိစ္စ ရှင်းလင်းသွားပြီဖြစ်၍ ပြစ်ဒဏ်ပယ်ဖျက်ပေးရန် ပလာတီနီ တောင်းဆို
Published 27 May 2018

UEFA ဥက္ကဋ္ဌဟောင်း ပလာတီနီအား ၂၀၁၁ ခုနှစ် ဇွန် ၁ ရက်က ဇူးရစ်မြို့၌ကျင်းပသည့် (၆၁)ကြိမ်မြောက် FIFA ကွန်ဂရက်အစည်းအဝေးတွင် တွေ့ရစဉ် (Photo: AFP)

ဥရောပဘောလုံးအဖွဲ့ချုပ် UEFA ဥက္ကဋ္ဌဟောင်း မစ်ချယ်ပလာတီနီက ဒေါ်လာ နှစ်သန်း တရားမဝင် လက်ခံရယူခဲ့သည့်ကိစ္စ ရှင်းလင်းသွားပြီဖြစ်သောကြောင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA အနေဖြင့် မိမိအပေါ်ချမှတ်ထားသည့်ပြစ်ဒဏ်အား ပယ်ဖျက်ပေးသင့်ကြောင်း တိုက်တွန်းပြောကြားသည်။

ပြင်သစ်ဂန္ထဝင်ကစားသမားတစ်ဦးလည်းဖြစ်သူ ပလာတီနီသည် ၂၀၁၁ ခုနှစ်အတွင်း FIFA ထံမှ ဒေါ်လာနှစ်သန်း (ယူရို ၁ ဒသမ ၈ သန်း) လက်ခံရယူခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဘောလုံးလောကနှင့်ပတ်သက်ခွင့် ရှစ်နှစ်ပိတ်ပင်သည့်ပြစ်ဒဏ် ချမှတ်ခံခဲ့ရပြီး အယူခံဝင်ရာ လေးနှစ်သို့ လျော့ကျသွားခဲ့သည်။ ပလာတီနီက မိမိအနေဖြင့် FIFA အကြံပေးအဖြစ် ဆောင်ရွက်စဉ် ရရှိရန်ကျန်သည့်ငွေကြေးကိုသာ လက်ခံရယူခြင်းဖြစ်ကြောင်း ဖြေရှင်းသော်လည်း စာရွက်စာတမ်း အထောက်အထားမရှိသလို ဆွစ်ဇာလန်အစိုးရရှေ့နေများက ၎င်းသည် FIFA ဥက္ကဋ္ဌဟောင်း ဆပ်ဘလတ္တာထံမှ လာဘ်ငွေရယူခြင်းဖြစ်ကြောင်း စွပ်စွဲ၍ စုံစမ်းစစ်ဆေးခဲ့သောကြောင့် ပြစ်ဒဏ် ချမှတ်ခံရခြင်းဖြစ်သည်။ သို့သော် ဆွစ်ဇာလန်အစိုးရရှေ့နေတစ်ဦးဖြစ်သူ စီဒရစ်ရီမန်းက ယင်းဖြစ်ရပ်တွင် ပလာတီနီ အပြစ်ကျူးလွန်ကြောင်း သက်သေအထောက်အထား မပြည့်စုံသဖြင့် ဆက်လက်စုံစမ်းစစ်ဆေးမည် မဟုတ်ကြောင်း မေ ၂၄ ရက် နေ့စွဲဖြင့် ပလာတီနီ၏ရှေ့နေဖြစ်သူ ဗင်းဆင့်ဆိုလာရီထံ အကြောင်းကြားစာပေးပို့ခဲ့ကြောင်း ပြင်သစ်အခြေစိုက် LeMonde သတင်းစာက မေ ၂၅ ရက်တွင် ဖော်ပြသည်။ “မိတ်ဆွေ၏အမှုသည် ကို စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်မည်မဟုတ်ကြောင်း အတည်ပြုအကြောင်းကြား အပ်ပါသည်။ လက်ရှိဆောင်ရွက်နေသည့် ကိစ္စများတွင်လည်း မိတ်ဆွေ၏အမှုသည်မှာ သက်သေခံချက် ထွက်ဆိုရန်မလိုကြောင်း ထပ်မံအတည်ပြုပါသည်” ဟု စီဒရစ်ရီမန်း၏ စာတွင် ဖော်ပြထားသည်။

သို့ဖြစ်ရာ ပလာတီနီက “FIFA အနေနဲ့ ရဲဝံ့စွာနဲ့ ကျွန်တော့်ရဲ့ပြစ်ဒဏ်ကို ပယ်ဖျက်ပေးမယ်လို့ မျှော်လင့်ပါတယ်။ FIFA ရဲ့ပြစ်ဒဏ်ကို ပယ်ဖျက်နိုင်ဖို့ ကျွန်တော့်ရဲ့ ဥပဒေအကြံပေးတွေကလည်း လိုအပ်တာအားလုံး ဆောင်ရွက်သွားမှာပါ” ဟု AFP သတင်းဌာနသို့ တယ်လီဖုန်းဖြင့် ပြောကြားသည်။ ဆွစ်ဇာလန်အစိုးရရှေ့နေရုံးကမူ စုံစမ်းစစ်ဆေးမှုမှာ မပြီးစီးသေးကြောင်း မေ ၂၆ ရက်တွင် တုံ့ပြန် ကြေညာသည်။ FIfA ဥက္ကဋ္ဌဟောင်း ဘလတ္တာမှာလည်း ခြစားမှုပြဿနာကြောင့် ပြစ်ဒဏ် ခြောက်နှစ် ချမှတ်ခံထားရသည်။

Most Read

Most Recent