ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့် အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် ဟာရီကိန်းကို ခန့်အပ်

ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့် အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် ဟာရီကိန်းကို ခန့်အပ်
Published 22 May 2018

Photo: Twitter

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့် အင်္ဂလန်လက်ရွေးစင်အသင်း၏အသင်းခေါင်းဆောင်အဖြစ် တိုက်စစ်မှူး ဟာရီကိန်းကို တရားဝင်ခန့်အပ်ကြောင်း အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က အတည်ပြုကြေညာခဲ့သည်။

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်သည် အသင်းကိုစတင်ကိုင်တွယ်သည့် ၂၀၁၆ ခုနှစ်ကတည်းက အသင်းခေါင်းဆောင်ကို တရားဝင်ခန့်အပ်ခြင်းမရှိဘဲ ကာဟေးလ်၊ ဂျိုးဟတ်၊ ဟန်ဒါဆန်၊ ဟာရီကိန်း၊ ဒိုင်ယာစသည့် ကစားသမားများက ယင်းတာဝန်ကို မျှဝေယူခဲ့ရသည်။

မေလ(၂၁)ရက်ညပိုင်းက ပြုလုပ်ခဲ့သော အသင်းအစည်းအဝေးတွင် ဆောက်ဂိတ်က အသင်းခေါင်းဆောင် ခန့်အပ်မှုကို တရားဝင်ကြေညာခဲ့ခြင်းဖြစ်သည်။

'' ဟာရီမှာ ပုဂ္ဂိုလ်ရေးမှတ်တမ်းကောင်းတွေ ရှိပါတယ်။ သူဟာ စေ့စပ်တိကျတဲ့ ပရော်ဖက်ရှင်နယ်ကစားသမားတစ်ဦးဖြစ်ပြီး အသင်းခေါင်းဆောင်တစ်ယောက်အတွက် အရေးကြီးဆုံးအရာဖြစ်တဲ့ အစဉ်အမြဲ စံပြဖြစ်နေရမယ်ဆိုတဲ့အချက်နဲ့လည်း ကိုက်ညီသူတစ်ဦးဖြစ်ပါတယ်'' ဟု ဆောက်ဂိတ်က ပြောကြားခဲ့သည်။

အသက်(၂၄)နှစ်သာရှိသေးသည့် ဟာရီကိန်းသည် နိုင်ငံတကာပွဲ ၂၃ ပွဲကစားခဲ့ရာတွင် ၁၂ ဂိုးအထိ သွင်းယူထားပြီး သူပထမဆုံးအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူသည့်ပွဲမှာ ပြီးခဲ့သည့်နှစ်ဇွန်လက ကစားခဲ့သည့် စကော့တလန်နှင့်ကမ္ဘာ့ဖလားခြေစစ်ပွဲဖြစ်ကာ နောက်သုံးပွဲတွင်လည်း ယင်းတာဝန်ကို ထမ်းဆောင်ခဲ့သည်။

၎င်းအနေဖြင့် စပါးအသင်းဖော် ဒိုင်ယာ၊ လီဗာပူးလ်ကွင်းလယ်လူ ဟန်ဒါဆန်တို့ကိုကျော်ဖြတ်ကာ အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံရခြင်းလည်းဖြစ်သည်။

 

Most Read

Most Recent