နိုင်ဂိုလန်ကို မရွေးချယ်ခံခဲ့ခြင်းမှာ နည်းစနစ်ပိုင်းကြောင့်သာဖြစ်သည်ဟု ဘယ်လ်ဂျီယံနည်းပြ မာတီနက်ဇ် ဖြေရှင်း

နိုင်ဂိုလန်ကို မရွေးချယ်ခံခဲ့ခြင်းမှာ နည်းစနစ်ပိုင်းကြောင့်သာဖြစ်သည်ဟု ဘယ်လ်ဂျီယံနည်းပြ မာတီနက်ဇ် ဖြေရှင်း
Published 22 May 2018

Photo: Getty Images

ဘယ်လ်ဂျီယံနည်းပြ မာတီနက်ဇ်သည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပဏာမကစားသမား(၂၈)ဦးစာရင်းကို ထုတ်ပြန်လိုက်ရာ ရိုးမားကွင်းလယ်ကစားသမား နိုင်ဂိုလန် ပါဝင်ခြင်းမရှိသည့်အတွက် ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။

အသက်(၃၀)ရှိပြီဖြစ်သည့် နိုင်ဂိုလန်သည် ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းအတွက် ပွဲ(၃၀) ကစားပေးထားသူဖြစ်ပြီး ရိုးမားအသင်းတွင်လည်း ခြေစွမ်းပြနေသူဖြစ်၍ ဘယ်လ်ဂျီယံပရိသတ်များ၏ အားပေးထောက်ခံမှုများစွာ ရရှိထားသူဖြစ်သည်။

သို့သော် နိုင်ဂိုလန်သည် နည်းပြ မာတီနက်ဇ်နှင့် ဆက်ဆံရေးအဆင်မပြေသူဖြစ်သောကြောင့် ချန်လှပ်ခံခဲ့ရခြင်းဖြစ်ဖွယ်ရှိကြောင်း ဝေဖန်မှုများရှိနေရာ မာတီနက်ဇ်က ''ဒါဟာ ဝမ်းနည်းစရာကောင်းသလို၊ ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရတာလည်းဖြစ်ပါတယ်။ ရိုးမားအသင်းရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံထားရတဲ့ သူ့ရဲ့ခြေစွမ်းအဆင့်အတန်း ဘယ်လောက်ရှိတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်ကတော့ နည်းစနစ်ပိုင်းကြောင့်ပါပဲ။ ကျွန်တော် သူ့ကို အရန်လူအဖြစ် အသုံးမပြုနိုင်ပါဘူး'' ဟုပြောကြားခဲ့ပြီး ရောမသို့ သွားရောက်ပြီး နိုင်ဂိုလန်ကို ကိုယ်တိုင်ရှင်းပြသွားမည်ဟုလည်း ဆိုခဲ့သည်။

ဘယ်လ်ဂျီယံလက်ရွေးစင်နောက်ခံလူဟောင်း ဖိလစ်ပီအဲလ်ဘတ်ကမူ ''ကျွန်တော်တို့ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ယောက်မပါဝင်ဘဲ ကမ္ဘာ့ဖလားယှဉ်ပြိုင်ရမယ့်အခြေအနေပါပဲ။ ဒါဟာ ချန်ပီယံဖြစ်လာမယ့် နည်းလမ်းမဟုတ်ပါဘူး'' ဟု ဝေဖန်ခဲ့သည်။

ဘယ်လ်ဂျီယံအသင်းသည် နောက်ဆုံးအပြီးသတ်ကစားသမား(၂၃)ဦးစာရင်းကို ဇွန်လ(၂)ရက်နေ့တွင် ပေါ်တူဂီအသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားပြီးမှ ရွေးချယ်သွားရန် စီစဉ်ထားကြောင်းလည်း သိရှိရသည်။

နောက်ဆုံးထွက်ပေါ်လာသည့်သတင်းအရ နိုင်ဂိုလန်သည် လူစာရင်းမှ ချန်လှပ်ခံခဲ့ရသည့်အတွက် လက်ရွေးစင်ကစားသမားဘဝမှ အနားယူတော့မည်ဟု ကြေညာခဲ့ကြောင်းလည်း သိရှိရသည်။

Most Read

Most Recent