ဝက်စ်ဟမ်းအသင်း၏ နည်းပြသစ်ဖြစ်လာရန် နီးစပ်နေသည့် ပယ်လီဂရီနီသည် ယာယာတိုရေးကို ၎င်း၏နည်းပြအဖွဲ့ထဲသို့ ခေါ်ယူသွားရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။
ပယ်လီဂရီနီသည် တရုတ်စူပါလိဂ်ကလပ် ဟာဘေးဖော်ကျွန်းချိုင်းနားအသင်းနှင့် စာချုပ်သက်တမ်း(၁)နှစ် ကျန်ရှိနေသေးသော်လည်း နှစ်ဖက်သဘောတူညီမှုဖြင့် ဖျက်သိမ်းခဲ့ပြီးနောက် ဝက်စ်ဟမ်းနည်းပြ ဖြစ်လာတော့မည်ဟု ဗြိတိန်မီဒီယာများက သုံးသပ်နေကြသည်။
ပယ်လီဂရီနီသည် မန်စီးတီးအသင်းကို ကိုင်တွယ်ခဲ့စဉ်က ကွင်းလယ်ကစားသမား ယာယာတိုရေးနှင့်အတူ ပရီးမီးယားလိဂ်ဖလားရယူနိုင်ခဲ့သလို၊ ကောင်းမွန်သည့်ဆက်ဆံရေး ရှိခဲ့ခြင်းကြောင့် ယခုအခါ မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးသွားပြီဖြစ်သည့် ယာယာတိုရေးကို နည်းပြလောကသို့ ခေါ်ဆောင်ရန် ဆန္ဒရှိနေခြင်းဖြစ်သည်။
ယာယာတိုရေးကမူ တရုတ်စူပါလိဂ်အသင်းများနှင့် အရှေ့အလယ်ပိုင်းမှ အသင်းများ၏ကမ်းလှမ်းမှုများ ရရှိထားသည့်အတွက် ဘောလုံးဆက်ကစားသွားရန်နှင့် နည်းပြလောကသို့ဝင်ရောက်ရန် စဉ်းစားနေဆဲဖြစ်ကြောင်း သိရှိရသည်။
ပယ်လီဂရီနီသည် ဝက်စ်ဟမ်းအသင်းတာဝန်ရှိသူများနှင့် ယနေ့ တွေ့ဆုံဆွေးနွေးသွားရန် စီစဉ်နေပြီး (၃)နှစ်စာချုပ် ချုပ်ဆိုသွားနိုင်ရန် မျှော်လင့်နေကြောင်းလည်း သိရှိရသည်။