စံချိန်များစွာ ရေးထိုးခဲ့သည့် ဆာလာ၏ဖိနပ်ကို ဗြိတိန်ပြတိုက်ရှိ အီဂျစ်ရှေးဟောင်းပြခန်း၌ ပြသ

စံချိန်များစွာ ရေးထိုးခဲ့သည့် ဆာလာ၏ဖိနပ်ကို ဗြိတိန်ပြတိုက်ရှိ အီဂျစ်ရှေးဟောင်းပြခန်း၌ ပြသ
Published 21 May 2018

အီဂျစ် ရှေးဟောင်းအနုပညာလက်ရာပြခန်း၌ ဆာလာ၏ဖိနပ်ကို ပြသထားစဉ် (Photo: Twitter)

၂၀၁၇-၂၀၁၈ ရာသီတွင် လီဗာပူးလ်အသင်းအတွက် ခြေစွမ်းပြကစားပြီး စံချိန်မှတ်တမ်းသစ်များစွာ ရေးထိုးနိုင်ခဲ့သည့် အီဂျစ်လက်ရွေးစင် မိုဟာမက်ဆာလာ၏ဖိနပ်ကို ဗြိတိန်ပြတိုက်ရှိ အီဂျစ်ရှေးဟောင်း အနုပညာလက်ရာ ပြခန်း၌ပြသထားကြောင်း သိရသည်။

ဆာလာ (၂၅ နှစ်) သည် ၂၀၁၇ ခုနှစ် နွေရာသီတွင် ရိုးမားအသင်းမှ လီဗာပူးလ်အသင်းသို့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် (ဗန်ဒိုက် မတိုင်မီ) ရောက်ရှိလာပြီး ပထမဆုံးရာသီမှာပင် ပြိုင်ပွဲစုံ ၅၁ ပွဲကစား ၄၄ ဂိုးအထိ သွင်းယူနိုင်ခဲ့သည်။ ၎င်းသည် တစ်ရာသီလျှင် ၃၈ ပွဲယှဉ်ပြိုင်ကစားရသည့်ပြိုင်ပွဲအဖြစ် ပြောင်းလဲ ပြီးနောက် ဂိုးအများဆုံးအဖြစ် ၃၂ ဂိုးဖြင့် စံချိန်သစ်ရေးထိုးနိုင်ခဲ့သလို ပရီးမီးယားလိဂ်အဖွဲ့ချုပ်၊ PFA နှင့် FWA က ချီးမြှင့်သည့် တစ်ရာသီ အကောင်းဆုံး ဆုများလည်း ဆွတ်ခူး ရရှိခဲ့သည်။ သို့ဖြစ်ရာ ၎င်းအား ဂုဏ် ပြုသည့်အနေဖြင့် အီဂျစ်ရှေးဟောင်း အနုပညာလက်ရာပြခန်း၌ ဘောကန်ဖိနပ်ကိုပါ ပြသထားခြင်းဖြစ်ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကျင်းပမည့် အချိန်အထိ ပြသမည်ဖြစ်ကြောင်း သိရသည်။ “ဗြိတိန်ပြတိုက်ရဲ့ နာမည်ကျော် အီဂျစ်ပြခန်းမှာ အသစ် ထပ်တိုး ပြသထားပါတယ်။ အီဂျစ် ရှေးဟောင်းရုပ်တုတွေနဲ့အတူ လီဗာပူးလ်အတွက် မိုဆာလာ ရရှိခဲ့တဲ့ ဖိနပ်ကိုပါ ပြသထားပါတယ်” ဟု အီဂျစ်နှင့် ဆူဒန်ရှေးဟောင်းပစ္စည်း ထိန်းသိမ်းသူက ပြောကြားသည်။

Most Read

Most Recent