တောင်ကိုရီးယားအသင်း တိုက်စစ်မှူး ဆွန်ဟောင်မင်နှင့် တွေ့ဆုံခြင်း

တောင်ကိုရီးယားအသင်း တိုက်စစ်မှူး ဆွန်ဟောင်မင်နှင့် တွေ့ဆုံခြင်း
Published 21 May 2018

“ပြိုင်ဘက်တိုင်းက ပိုကောင်းပေမဲ့ ရှုံးထွက်တက်ဖို့ မျှော်မှန်းထားပါတယ်”

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ၂၀၁၅ ခုနှစ် ဇွန် ၁၆ ရက်က ထိုင်းနိုင်ငံ၌ ကစားသည့်ပွဲတွင် မြန်မာအသင်းနောက်ခံလူ ဒေးဗစ်ဒန်းအား ဆွန်ဟောင်မင်ကျော်ဖြတ်ရန် ကြိုးပမ်းစဉ် (Photo: AFP)

 

ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ လန်ဒန်ကလပ် စပါးအသင်းအတွက် ခြေစွမ်းပြကစားခဲ့သည့် တောင်ကိုရီးယား လက်ရွေးစင်တိုက်စစ်မှူး ဆွန်ဟောင်မင်သည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း နိုင်ငံလက်ရွေးစင်အသင်းအား ဦးဆောင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ကမ္ဘာ့ဖလားပြိုင်ပွဲနှင့်ပတ်သက်၍ အမှတ်တရများ၊ လာမည့်ပြိုင်ပွဲအတွက် မျှော်မှန်းချက်များအား FIFA ဝက်ဘ်ဆိုက်က ၎င်းနှင့် တွေ့ဆုံမေးမြန်းထားရာ ပရိသတ်များအတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

 

မေး - ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို တောင်ကိုရီးယားက လက်ခံကျင်းပခဲ့တာ ၁၆ နှစ်ကြာသွားပြီ။ အဲဒီပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် ရောက်ခဲ့တယ်နော်။ ဒီပြိုင်ပွဲနဲ့ပတ်သက်ပြီး ဘာတွေ အမှတ်တရရှိလဲ။

ဖြေ - အဲဒီပြိုင်ပွဲက အမှတ်ရစရာတွေ အများကြီးပါပဲ။ ပွဲတွေကို ရုပ်သံက နေကြည့်ခဲ့တာပါ။ ကွာတားဖိုင်နယ်မှာ စပိန်နဲ့ ပယ်နယ်တီကန်တဲ့အချိန်ကို သတိရပါသေးတယ်။ ကျွန်တော်တို့အားလုံး မယုံကြည်နိုင်အောင်ဖြစ်ခဲ့ကြပြီး ကမ္ဘာ့ဖလားမှာ တောင်ကိုရီးယားအသင်းကို ကြည့်ရတာ စိတ်လှုပ်ရှားစရာပါပဲ။ ကျွန်တော်အပါအဝင် အားလုံးကလည်း အနီရောင်အင်္ကျီတွေ ဝတ်ထားကြတယ်။

မေး - ခင်ဗျားက ဘယ်သူ့ကို စံနမူနာထားပြီး ကြီးပြင်းလာတာလဲ။

ဖြေ - ကစားသမားတွေကတော့ အများကြီးပါပဲ။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ ပက်ဂျီဆန်က အဓိကပါပဲ။ ကျွန်တော်ငယ်ငယ်တုန်းက ကိုရီးယားမှာ ပရီးမီးယားလိဂ်ပွဲတွေ အများကြီးပြတယ်။ အထူးသဖြင့် မန်ချက်စတာယူနိုက်တက် ပွဲတွေပြတယ်။ ဘာကြောင့်လဲဆိုတော့ သူက အဲဒီမှာကစားနေလို့ပါ။ အဲဒီမှာ သူက ဆုဖလားတွေလည်း အများကြီးရခဲ့တယ်။ သူက ကိုရီးယားရဲ့ ထိပ်တန်းကစားသမားဖြစ်နေသေးသလို ကျွန်တော့်အတွက်လည်း စံပြပုဂ္ဂိုလ် ဖြစ်နေဆဲပါပဲ။

မေး - စီနီယာအသင်းမှာ သူနဲ့တွဲကစားရတော့ ဘယ်လိုနေလဲ။

ဖြေ - ကျွန်တော် ယုံတောင်မယုံနိုင်ဘူး။ ကာတာ အာရှဖလား (၂၀၁၁) မှာ သူနဲ့ကစားတုန်းက ကျွန်တော် ၁၈ နှစ်ပဲရှိသေးတယ်။ သူ့ကို ရုပ်သံကနေကြည့်ပြီး အရွယ်ရောက်လာခဲ့တယ်။ ပြီးတော့ သူနဲ့အတူလေ့ကျင့်ခွင့်ရတယ်။ သူ့ဆီကနေ သင်ယူနိုင်တာတွေ အများကြီးပဲ။ သူက ပရော်ဖက်ရှင်နယ် အရမ်းပီသတယ်။ သူ စားတာ၊ အိပ်တာကအစ အားလုံးကို ကျွန်တော်ကြည့်ထားတယ်။ သူက ကျွန်တော့်ရဲ့အခန်းဖော်ဖြစ်ပေမဲ့ စကားမပြောဖြစ်ဘူး။ ဘာကြောင့်လဲဆိုတော့ သူက သီးသန့်နေတတ်လို့ ပါ။ ဒါတွေက ဘယ်တော့မှ မမေ့မယ့် အရာတွေပါ။

မေး - ၂၀၁၈ ရုရှားကမ္ဘာ့ဖလားအုပ်စုမှာ ဆွီဒင်၊ မက္ကဆီကို၊ ဂျာမနီတို့ပါနေတော့ ဘယ်လိုလုပ်မလဲ။

ဖြေ - ဒါက ခက်ခဲတဲ့အုပ်စုပါ။ အုပ်စုတိုင်းကတော့ ခက်ခဲပါတယ်။ ဆွီဒင်ရော မက္ကဆီကို၊ ဂျာမနီပါ ကျွန်တော်တို့ထက် ပိုကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အနိုင်ရချင်တယ်။ ဘယ်သူမှလည်း မရှုံးချင်ပါဘူး။ ဘောလုံးဆိုတာ ၁၁ ယောက်ချင်း ကစားရတာပါ။ အရည်အသွေးပိုင်း ကွာခြားမှုရှိပေမဲ့ စိတ်ပိုင်းဆိုင်ရာကလည်း လူတိုင်းထက် အသင့်ဖြစ်နေဖို့ လိုပါတယ်။

မေး - ရှုံးထွက်အဆင့်တက်ဖို့ မျှော်မှန်းထားလား။

ဖြေ - တကယ်တော့ 'YES' လို့ဖြေချင် ပါတယ်။ ဒါပေမဲ့ ဘောလုံးဆိုတာ 'YES' ၊ 'No'  ပြောရုံနဲ့မရပါဘူး။ ကျွန်တော်တို့အားလုံး ပုံစံကောင်းပြနိုင်ရင် ဘာကြောင့်မဖြစ်နိုင်ရမှာလဲ။ နောက်တစ်ဆင့်တက်ဖို့ မျှော်မှန်းထားပါတယ်။ အုပ်စုက ခက်ခဲပေမဲ့ ကျွန်တော့်ရဲ့နိုင်ငံကို ယုံကြည်မှုရှိပါတယ်။ နိုင်ငံအတွက်ရော အသင်းဖော်တွေအတွက်ပါ ဂုဏ်ယူပါတယ်။

Most Read

Most Recent