PSG အသင်းတွင် နေမာ ဆက်ရှိနေမည်ဟု အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီ အခိုင်အမာပြောကြား

PSG အသင်းတွင် နေမာ ဆက်ရှိနေမည်ဟု အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီ အခိုင်အမာပြောကြား
Published 21 May 2018

PSG အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီ (Photo: AFP/Getty Images)

PSG အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီက ၎င်းတို့၏ အဓိကတိုက်စစ်မှူး နေမာသည် အသင်းတွင် ဆက်ရှိနေမည်ဟု အခိုင်အမာပြောကြားခဲ့ကြောင်း သိရှိရသည်။

နေမာသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကမှ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်(၁၉၈)သန်းဖြင့် ဘာစီလိုနာအသင်းမှ PSG အသင်းသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းနှင့် ၂၀၂၂ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူ ဖြစ်သည်။

Photo: Getty Images

(၂၆)နှစ်အရွယ်ရှိ အဆိုပါဘရာဇီးတိုက်စစ်မှူးသည် စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ကစားမည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိရာ အယ်လ်ခီလိုင်ဖီက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အယ်လ်ခီလိုင်ဖီက "ကျွန်တော် ဒီစကားကို အကြိမ် ၁၀၀၀၀ လောက် ပြောပြီးပါပြီး။ နေမာဟာ PSG အသင်းမှာ ဆက်ရှိနေမှာပါ။ နေမာရဲ့ ဖခင်ကလည်း သူ့သားရဲ့ အနာဂတ်ဟာ ပဲရစ်မှာပဲ ရှိတယ်လို့ ကျွန်တော့်ကို ပြောထားပြီးသားပါ။ အခုထွက်ပေါ်နေတဲ့ သတင်းတွေက စပိန်သတင်းစာတွေ လျှောက်ရေးနေကြတာပါ။ ဒါတွေကို ခင်ဗျား ယုံမယ်ဆိုရင်တော့ အတော်ဆိုးတဲ့ ကိစ္စလို့ ဆိုရမယ်။ နောက်တစ်ခါ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကျွန်တော် ထပ်ပြောမှာ မဟုတ်တော့ပါဘူး။ နေမာဟာ PSG နဲ့အတူ (၄)နှစ် စာချုပ်သက်တမ်းရှိနေတဲ့ ကစားသမားပါ"ဟု ဆိုခဲ့သည်။

Most Read

Most Recent