ဆော်ဒီ၊ ပြင်သစ်၊ နယ်သာလန်တို့နှင့် ခြေစမ်းပွဲ ကစားမည့် အီတလီအသင်းလူစာရင်းကို နည်းပြမန်စီနီ ထုတ်ပြန်ခဲ့ပြီး ဘာလိုတယ်လီ ပြန်လည်ရွေးချယ်ခံရ

ဆော်ဒီ၊ ပြင်သစ်၊ နယ်သာလန်တို့နှင့် ခြေစမ်းပွဲ ကစားမည့် အီတလီအသင်းလူစာရင်းကို နည်းပြမန်စီနီ ထုတ်ပြန်ခဲ့ပြီး ဘာလိုတယ်လီ ပြန်လည်ရွေးချယ်ခံရ
Published 20 May 2018

အီတလီအသင်းတွင် ကစားစဉ်က ဘာလိုတယ်လီ Photo: Getty Images

အီတလီလက်ရွေးစင်အသင်းသည် မေလနှင့် ဇွန်လ အစောပိုင်းတွင် ယှဉ်ပြိုင်ကစားမည့် ခြေစမ်းပွဲများအတွက် လူစာရင်းကို ထုတ်ပြန်ခဲ့ရာ ၂၀၁၄ နောက်ပိုင်း လက်ရွေးစင်အသင်းနှင့်ဝေးကွာနေသည့် တိုက်စစ်မှူးဘာလိုတယ်လီ ပြန်လည်ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။

အီတလီအသင်း၏ နည်းပြသစ်ဖြစ်သူ ရောဘတ်တိုမန်စီနီသည် သူ၏အီတလီနည်းပြဘ၀ ပထမဆုံးပွဲစဉ်ဖြစ်သည့် လာမည့် မေလ (၂၈)ရက်နေ့တွင် ဆော်ဒီနှင့် ဆွစ်ဇာလန်နိုင်ငံတွင် ခြေစမ်းမည့်ပွဲအတွက် လက်ရွေးစင်အသင်းအား စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

အီတလီအသင်းသည် ဆော်ဒီနှင့် ခြေစမ်းပြီးနောက် ဇွန်လ (၁)ရက်နေ့တွင် ပြင်သစ်၊ ဇွန်လ (၄)ရက်နေ့တွင် နယ်သာလန်အသင်းတို့နှင့် ဆက်တိုက်ခြေစမ်းမည်ဖြစ်ပြီး၊ လက်ရွေးစင်အသင်းအတွက် ကစားသမားအယောက် (၃၀)အထိရွေးချယ်ထားသည်။

မန်စီနီသည် မန်စီးတီးအသင်းကို ကိုင်တွယ်စဉ်က ဘာလိုတယ်လီနှင့် (၃)ရာသီကြာလက်တွဲခဲ့ပြီး၊ သူ၏လက်အောက်တွင် ခြေစွမ်းပြခဲ့သောကြောင့် အီတလီလက်ရွေးစင်အသင်းတွင် ၎င်းအား ပြန်လည်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အီတလီလက်ရွေးစင်အသင်းတွင် ချယ်လ်ဆီးနောက်ခံလူ အီမာဆန်၊ တိုရီနိုကွင်းလယ်လူ ဘာဆယ်လီ၊ ခရိုတိုနီကွင်းလယ်လူ မန်ဒရာဂိုရာ၊ ဆာဆူအိုလို တိုက်စစ်မှူး ဘရာဒီနှင့် အတ္တလန်တာနောက်ခံလူ ကယ်လ်ဒါရာတို့အား ပထမဆုံးအကြိမ် ရွေးချယ်ခဲ့ရကြောင်း သိရသည်။

အသက် (၂၇)နှစ်အရွယ်ရှိ ဘာလိုတယ်လီသည် အသက် (၂၀)အရွယ် ၂၀၁၀ ခုနှစ်တွင် အီတလီလက်ရွေးစင်အသင်းအတွက် စတင်ရွေးချယ်ခံခဲ့ရပြီး ၂၀၁၄ ခုနှစ်အထိ (၄)နှစ်အတွင်း (၃၃)ပွဲကစားကာ (၁၃)ဂိုးသွင်းယူပေးခဲ့ သည်။

အီတလီလက်ရွေးစင်အသင်းသည် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ကျဆုံးခဲ့ပြီးနောက် မန်စီနီကို နည်းပြသစ်အဖြစ် ခန့်အပ်ပြီး အပြောင်းအလဲပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အီတလီလက်ရွေးစင်အသင်း၏ လူစာရင်း
-----------------
ဂိုး - ဒွန်နာရမ်မာ (အေစီမီလန်)၊ ပါရင် (ဂျီနိုအာ)၊ ဆီရီဂူ (တိုရီနို)
နောက်တန်း - ဘိုနူချီ၊ ရိုမက်နိုလီ (အေစီမီလန်)၊ ကယ်လ်ဒါရာ (အတ္တလန်တာ)၊ ခရစ္စတို (ဇင်းနစ်)၊ အမ်ဘရိုစီရို (အင်တာမီလန်)၊ ဒီချီဂလီယို၊ ရူဂါနီ (ဂျူဗင်တပ်စ်)၊ အီမာဆန်၊ ဇာပါကော်စတာ (ချယ်လ်ဆီး)
အလယ်တန်း - ဘာဆယ်လီ (တိုရီနို)၊ ဘိုနာဗန်ကျူရာ (အေစီမီလန်)၊ ခရစ္စတန်တီ (အတ္တလန်တာ)၊ ဖလော်ရန်ဇီ၊ ပယ်လီဂရီနီ (ရိုးမား)၊ ဂျောဂျင်ဟို (နာပိုလီ)၊ မန်ဒါရာဂိုရာ (ခရိုတိုနီ)၊ မူဆက်ချီယို (ဂျူဗင်တပ်စ်)
ရှေ့တန်း - ဘာလိုတယ်လီ (နိုက်စ်)၊ ဘယ်လော့တီ (တိုရီနို)၊ ဘရာဒီ (ဆာဆူအိုလို)၊ ဘာနာဒက်ခီ (ဂျူဗင်တပ်စ်)၊ ချီဆာ (ဖီအိုရင်တီးနား)၊ အမ်မိုဘီလီ (လာဇီယို)၊ အင်ဆစ်ဂနီ (နာပိုလီ)၊ ပိုလီတာနို (ဆာဆူအိုလို)၊ ဗာဒီ (ဘိုလော့ဂ်နာ)၊ ဇာဇာ (ဗလင်စီယာ)

Most Read

Most Recent