FA ဖလားပြိုင်ပွဲမှာ တတိယမြောက် အအောင်မြင်ဆုံး ဖြစ်လာတဲ့ ချယ်လ်ဆီး

FA ဖလားပြိုင်ပွဲမှာ တတိယမြောက် အအောင်မြင်ဆုံး ဖြစ်လာတဲ့ ချယ်လ်ဆီး
Published 20 May 2018

၂၀၁၈ FA ဖလား ချန်ပီယံ ချယ်လ်ဆီးအသင်း (Photo: Catherine Ivill/Getty Images)

စနေညက ဝင်ဘလေကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ FA ဖလားဗိုလ်လုပွဲစဉ်မှာတော့ ချယ်လ်ဆီးအသင်းက မန်ယူအသင်းကို ဟာဇက်ရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရပြီး FA ဖလားပြိုင်ပွဲတစ်လျှောက် (၈)ကြိမ်မြောက် ချန်ပီယံဆုကို ရာယူနိုင်ခဲ့ပြီး ပြိုင်ပွဲသမိုင်းမှာ တတိယမြောက် အအောင်မြင်ဆုံးအသင်း ဖြစ်လာခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းနည်းပြ ကွန်တီဟာ ရှေ့တန်းမှာ ဂျရူးကို ပွဲထုတ်ခဲ့ပြီး ဟာဇက်ကို နံပါတ်(၁၀)နေရာမှာ ကစားစေခဲ့ကာ မိုဆက်စ်၊ ကန်တေ၊ ဖာဘရီဂတ်စ်၊ အလွန်ဆို၊ ကာဟေးလ်တို့လို အဓိကကစားသမားတွေကို (၃-၅-၁-၁)နဲ့ ပွဲထုတ်ခဲ့ပါတယ်။

မန်ယူအသင်းမှာတော့ ဒဏ်ရာက ပြန်လည်သက်သာလာတဲ့ လူကာကူကို အရံခုံမှာ ထားခဲ့ပြီး ရှေ့တန်းမှာ ဆန်းချက်ဇ်၊ ရပ်ရှ်ဖို့ဒ်၊ လင်ဂတ်ကို ကစားစေခဲ့ကာ ပေါ့ဘာ၊ မာတစ်၊ စမောလင်း၊ ဗလင်စီယာတို့နဲ့ ပွဲထွက်လာခဲ့တာပါ။

ပွဲစပြီးဆိုတာနဲ့ ချယ်လ်ဆီးက စောစောစီးစီး ဂိုးရဖို့အတွက် ဖိကစားခဲ့ပါတယ်။

ချယ်လ်ဆီးတိုက်စစ်မှာ ဟာဇက် ခြေစွမ်းပြခဲ့ပြီး ပွဲချိန်(၂၂)မိနစ်မှာ မန်ယူအသင်းရဲ့ဧရိယာထဲ ဆွဲဝင်လာတဲ့ ဟာဇက်ကို နောက်ခံလူဖီးလ်ဂျုံးစ် ဖျက်ထုတ်ပုံကြမ်းခဲ့တာကြောင့် မန်ယူတို့ ပင်နယ်တီ ပေးလိုက်ရပါတယ်။

ပင်နယ်တီကန်သွင်းယူနေသည့် ချယ်လ်ဆီးအသင်း ကွင်းလယ်တိုက်စစ်သမား ဟာဇက် (Photo: Andy Hooper/Daily Mail)

ဒီပင်နယ်တီကို ဟာဇက်ကပဲ အပိုင်ကန်သွင်းနိုင်ခဲ့တာကြောင့် ချယ်လ်ဆီးတို့ ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။

ဂိုးပေးလိုက်ရပြီးနောက်မှာတော့ မန်ယူတို့ ချေပဂိုးရဖို့ တင်ကစားလာခဲ့ပါတယ်။ ဒါပေမဲ့ ရှေ့တန်းနဲ့ ကွင်းလယ် ချိတ်ဆက်မှု အားနည်းတာကြောင့် အပိုင်အခွင့်အရေးတွေ ဖန်တီးနိုင်ခြင်း မရှိဘဲ ဆန်းချက်ဇ်ရဲ့ အဝေးကန်ချက်တွေနဲ့ သာ ချယ်လ်ဆီးဘက်ကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ မန်ယူအသင်းဟာ ချေပဂိုးရဖို့ တိုက်စစ်ဖွင့်ကစားခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း ရရှိခဲ့ပါတယ်။

လူငယ်တိုက်စစ်မှူးရပ်ရှ်ဖို့ဒ်ရဲ့ ကန်ချက်တွေကို ချယ်လ်ဆီးဂိုးသမားကော်တိုအာ လက်စွမ်းပြကာကွယ်ခဲ့လို့ မန်ယူတို့ ဂိုးရဖို့ ခက်နေခဲ့သလို၊ ဆန်းချက်ဇ်ရဲ့ ဂိုးကလည်း လူကျွံနေလို့ မန်ယူတို့ ကံဆိုးခဲ့ရပါတယ်။

လူကျွံဘော ဖြစ်ခဲ့သည့် မန်ယူတောင်ပံတိုက်စစ်မှူး ဆန်းချက်ဇ်၏ သွင်းဂိုး(Photo: Reuters)

မန်ယူရဲ့ ဖိအားပေးမှုကြောင့် တန်ပြန်တိုက်စစ်ပဲ ကစားခဲ့ရတဲ့ ချယ်လ်ဆီးဟာ နောက်ထပ်ဂိုးရမယ့် အခွင့်အရေးထပ်ရခဲ့ပေမယ့် အလွန်ဆို အသုံးမချနိုင်ခဲ့လို့ နစ်နာခဲ့ရပါတယ်။

ပွဲချိန် (၇၀)ကျော်မှာ မော်ရင်ဟိုဟာ လူကာကူ၊ မာစီယဲလ်တို့ကို ရပ်ရှ်ဖို့ဒ်၊ လင်ဂတ်တို့အစား ထည့်သွင်းကစားစေခဲ့ပါတယ်။ သူတို့ ဝင်လာပြီးနောက်ပိုင်းမှာ တိုက်စစ်ပိုဆင်နိုင်ခဲ့ပေမယ့် ဂိုးရအောင် မစွမ်းဆောင်နိုင်ခဲ့လို့ ပွဲအပြီးမှာ ချယ်လ်ဆီးကို အရှုံးပေးခဲ့ရတာပါ။

ချယ်လ်ဆီးနည်းပြ ကွန်တီဟာ ပြီးခဲ့တဲ့ရာသီက FA ဖလားဗိုလ်လုပွဲမှာ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့ရပေမယ့် ဒီနှစ်မှာတော့ ချန်ပီယံဆုကို ဆွတ်ခူးပေးနိုင်သလို၊ အသင်းသမိုင်းတစ်လျှောက် FA ဖလားကို (၈)ကြိမ်မြောက် ယူပေးနိုင်တဲ့ (၈)ဦးမြောက် နည်းပြအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒီပွဲမှာ အနိုင်ရရှိခဲ့တာကြောင့် ချယ်လ်ဆီးဟာ FA  ဖလားပြိုင်ပွဲသမိုင်းမှာ လီဗာပူးလ်၊ စပါးတို့ကို ကျော်ကာ အာဆင်နယ်၊ မန်ယူတို့ ပြီးနောက် တတိယမြောက် အအောင်မြင်ဆုံးအသင်းလည်း ဖြစ်လာခဲ့ပါတယ်။

ဂိုးသွင်းပြီးနောက် ချယ်လ်ဆီးအသင်းဖော်များနှင့် ဟာဇက် အောင်ပွဲခံနေစဉ် (Photo: AP)

Most Read

Most Recent