<

လိဂ်မန်နေဂျာများအဖွဲ့ချုပ် (LMA) က ချီးမြှင့်သည့် ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးနည်းပြဆု ဂွါဒီယိုလာ ဆွတ်ခူး

Photo: AFP

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာသည် လိဂ်မန်နေဂျာများအဖွဲ့ချုပ် (LMA) က ချီးမြှင့်သည့် ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးနည်းပြဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ဂွါဒီယိုလာသည် ၂၀၁၇-၂၀၁၈ ရာသီတွင် မန်စီးတီးအသင်းအား အမှတ်ပေးချန်ပီယံဆု ရယူပေးနိုင်ခဲ့သည့်အပြင် ရမှတ် ၁၀၀ ပထမဆုံးရရှိသည့် အင်္ဂလန်ကလပ်အဖြစ်လည်းကောင်း၊ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် နိုင်ပွဲအများဆုံး (၃၂ ပွဲ)၊ သွင်းဂိုး အများဆုံး (၁၀၆ ဂိုး)၊ သွင်းဂိုးနှင့် ပေးဂိုး ကွာခြားမှု အများဆုံး (+၇၉ ဂိုး)၊ ဒုတိယနေရာမှ အသင်းနှင့် ရမှတ်ကွာခြားမှုအများဆုံး (၁၉ မှတ်)၊ အဝေးကွင်းနိုင်ပွဲအများဆုံး (၁၆ ပွဲ) ရရှိသည့်အသင်းအဖြစ်လည်းကောင်း စံချိန်မှတ်တမ်းသစ်များစွာ ရေးထိုးနိုင်ခဲ့သည်။ သို့ ဖြစ်ရာ ဂွါဒီယိုလာသည် လီဗာပူးလ်အသင်း နည်းပြ ယာဂန်ကလော့ပ်၊ ဘန်လေအသင်းနည်းပြ ရှောင်ဒိုက်တို့ကိုကျော်ဖြတ်၍ တစ်နှစ်တာ အကောင်းဆုံးနည်းပြဆု ဆွတ်ခူးရရှိခဲ့ ခြင်းဖြစ်သည်။ လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲအတွက် အကောင်းဆုံးနည်းပြဆုကို ချန်ပီယံဆုရရှိကာ ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရစေခဲ့သည့် ၀ုလ်ဗ်အသင်းနည်းပြ ဆန်တို က ဆွတ်ခူးရရှိပြီး ကာဒစ်ဖ်အသင်းအား တိုက်ရိုက်တန်းတက်ခွင့် ရရှိစေရန် စွမ်းဆောင်ပေးခဲ့သည့် နည်းပြနေးလ်ဝါနော့ခ်လည်း အထူးဆုရရှိခဲ့ကြောင်း သိရသည်။

တစ်နှစ်တာ အကောင်းဆုံးနည်းပြဆု လက်ခံရယူပြီးနောက် ဂွါဒီယိုလာက လာမည့်ရာသီတွင်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ဗိုလ်စွဲရေးထက် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်နိုင်ရန် ဆက်လက်ကြိုးပမ်းမည်ဖြစ်ကြောင်း၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မိမိအသင်း အတွက် အရေးကြီးဆုံးပစ်မှတ်ဖြစ်ကြောင်း၊ နွေရာသီအပြောင်းအရွှေ့ကာလတွင် ပေါင်သန်း ၃၀၀ ထပ်မံ သုံးစွဲမည်မဟုတ်သော်လည်း ကစားသမားသစ်နှစ်ဦး၊ သုံးဦး အင်အားဖြည့်တင်းမည်ဖြစ်ကြောင်း ပြောကြားသည်။

May 17, 2018














Copy Protected by Chetan's WP-Copyprotect.