ကမ္ဘာ့ဖလားကိုင်မည့် ဆော်ဒီ ဒိုင်လူကြီး လုပ်ပွဲကြောင့် တစ်သက်တာ ပွဲပယ်ခံရ

ကမ္ဘာ့ဖလားကိုင်မည့် ဆော်ဒီ ဒိုင်လူကြီး လုပ်ပွဲကြောင့် တစ်သက်တာ ပွဲပယ်ခံရ
Published 17 May 2018

Photo: AFP

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တာဝန်ယူ ကိုင်တွယ်ရန် ရွေးချယ်ခံထားရသည့် ဆော်ဒီအာရေဗျဒိုင်လူကြီး ဖာဟက်ဒ်အယ်လ်မီဒါဆီသည် လုပ်ပွဲဖန်တီးရန် ကြိုးပမ်းမှုကြောင့် တစ်သက်တာ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရကြောင်း သိရသည်။

အသက် ၃၂ နှစ်သာရှိသေးသည့် မီဒါဆီသည် ဆော်ဒီအာရေဗျ၏ အလားအလာအရှိဆုံး ဒိုင်တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး ၂၀၁၆ ရီယိုအိုလံပစ်ပြိုင်ပွဲနှင့် ၂၀၁၇ ကွန်ဖက်ဒရေးရှင်း ဖလားပြိုင်ပွဲတွင်လည်း တာဝန်ယူ ကိုင်တွယ်ခွင့်ရခဲ့သည်။

၎င်းသည် ဆော်ဒီ ဘုရင့်ဖလား ဗိုလ်လုပွဲအဖြစ် မေ ၁၉ ရက်တွင် အယ်လ်အစ်တီဟတ်နှင့် အယ်လ်ဖာဆယ်လီအသင်းတို့ကစားမည့်ပွဲအား ကိုင်တွယ်ရန် တာဝန်ပေးအပ်ခံထားရသည်။ မီဒါဆီသည် အယ်လ်အစ်တီဟတ်အသင်းဥက္ကဋ္ဌထံ ချဉ်းကပ်၍ ၎င်း၏အသင်း အနိုင်ရလိုပါက မိမိ အား လာဘ်ငွေပေးရန် တောင်းဆိုခဲ့သောကြောင့် စုံစမ်းစစ်ဆေးမှုပြုလုပ်ရာ အပြစ်ကျူးလွန်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။

သို့ဖြစ်ရာ ဆော်ဒီအာရေဗျဘောလုံးအဖွဲ့ချုပ် (SAFF) က မီဒါဆီအား တစ်သက်တာ ပွဲပယ် ပြစ်ဒဏ်ချမှတ်ကြောင်း မေ ၁၅ ရက်တွင် ကြေညာချက် ထုတ်ပြန်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း တာဝန်ပေးအပ်ခြင်းမပြုရန် FIFA ထံ အကြောင်းကြားစာ ပေးပို့ထားသည်။

FIFA ကမူ ယခုထက်ပြည့်စုံသည့် သတင်းအချက်အလက်များ ပေးပို့ရန် တောင်းဆိုထားသည်။

Most Read

Most Recent