ပြင်သစ်မြေတွင် မာဆေးလ်အား ဂိုးပြတ်အနိုင်ယူပြီး ယူရိုပါလိဂ်ချန်ပီယံဆုကို အက်သလက်တီကိုအသင်း (၃)ကြိမ်မြောက်ဆွတ်ခူး

ပြင်သစ်မြေတွင် မာဆေးလ်အား ဂိုးပြတ်အနိုင်ယူပြီး ယူရိုပါလိဂ်ချန်ပီယံဆုကို အက်သလက်တီကိုအသင်း (၃)ကြိမ်မြောက်ဆွတ်ခူး
Published 17 May 2018

ယူရိုပါလိဂ်ချန်ပီယံ အက်သလက်တီကိုအသင်း Photo:Getty Images

မေလ (၁၇)ရက်နေ့တွင် ယှဉ်ပြိုင်ခဲ့သော ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် စပိန်ကလပ်အက်သလက်တီကိုအသင်းသည် ပြင်သစ်မြေတွင် ပြင်သစ်ကလပ် မာဆေးလ်အသင်းအား ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်း၊ ဂါဘီတို့၏ ဂိုးများဖြင့် (၃-ဝ)ဂိုးဖြင့် အနိုင်ရရှိကာ ယူရိုပါလိဂ်ဆုဖလားကို (၃)ကြိမ်မြောက် ရယူသွားခဲ့သည်။

မာဆေးလ်အသင်းဘက်သို့ (၂)ဂိုးသွင်းယူခဲ့သည့် အက်သလက်တီကိုအသင်းတိုက်စစ်မှူး ဂရစ်ဇ်မန်း Photo:Getty Images

ဗိုလ်စွဲရန်ရေပန်းစားနေသည့် အက်သလက်တီကိုအသင်းသည် မာဆေးလ်အသင်းအား ပွဲအစကတည်းက ထိန်းချုပ်ကစားသွားနိုင်ခဲ့ပြီး ပွဲချိန် (၂၁)မိနစ်တွင် တိုက်စစ်မှူး ဂရစ်ဇ်မန်းက အဖွင့်ဂိုးစတင်သွင်းယူခဲ့သည်။

ဒဏ်ရာကြောင့် စေားစီးစွာလူစားလဲခဲ့ရသည့် မာဆေးလ်ကွင်းလယ်လူ ပါယက် Photo:Reuters

မာဆေးလ်အသင်း ချေပဂိုးပြန်လည်ရရှိရန် ကြိုးပမ်းကစားခဲ့သော်လည်း ပွဲချိန် (၃၂)မိနစ်တွင် အဓိကကွင်းလယ်လူ ပါယက်ဒဏ်ရာကြောင့် လူစားလဲခဲ့ရပြီးနောက် အက်သလက်တီကိုအသင်းက ပိုမိုဖိအားပေးကစားနိုင်ခဲ့သည်။

အက်သလက်တီကိုအသင်းအတွက် ပွဲချိန် (၄၉)မိနစ်တွင် ဂရစ်ဇ်မန်းက ဒုတိယဂိုးကို ထပ်မံသွင်းယူခဲ့ပြီး၊ အနိုင်သေချာစေမည့် သွင်းဂိုးကို ပွဲချိန် (၈၉)မိနစ်တွင် အသင်းခေါင်းဆောင် ဂါဘီမှ သွင်းယူပေးခဲ့သည်။

အက်သလက်တီကိုအသင်းအတွက် တတိယအနိုင်ဂိုးသွင်းယူခဲ့သည့် အသင်းခေါင်းဆောင် ဂါဘီ Photo: Getty Images

အက်သလက်တီကိုအသင်းသည် ယူရိုပါလိဂ်ဆုဖလားအား ၂၀၁၀၊ ၂၀၁၂ ခုနှစ်များတွင် ဗိုလ်စွဲဖူးရာ ယခုတစ်ကြိမ်မှာ အသင်းသမိုင်းတစ်လျှောက် တတိယအကြိမ်မြောက် ဗိုလ်စွဲခြင်းဖြစ်ပြီး အင်တာမီလန်၊ ဂျူဗင်တပ်စ်၊ လီဗာပူးလ်အသင်းတို့နှင့်အတူ ချန်ပီယံဆု (၃)ကြိမ်ရသည့်အသင်းအဖြစ်မှတ်တမ်းဝင်ခဲ့သည်။

ဂရစ်ဇ်မန်းဂိုးသွင်းပြီးနောက် အောင်ပွဲခံနေသည့် အက်သလက်တီကိုအသင်းသားများ Photo: Getty Images

ယခုပြိုင်ပွဲတွင် စပိန်ကလပ်များအနေဖြင့် လွှမ်းမိုးထားနိုင်ခဲ့ပြီး အကြိမ်အများဆုံးအဖြစ် (၁၁)ကြိမ်ဖြင့် စံချိန်သစ်တင်နိုင်ခဲ့ပြီး၊ နောက်ဆုံး (၁၅)နှစ်အတွင်း ချန်ပီယံဆုကို (၉)ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့ကြောင်းသိရသည်။

ယူရိုပါလိဂ် (ယခင် UEFA) ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက်တွင် ပြင်သစ်ကလပ်အသင်းများမှာ တစ်ကြိမ်တစ်ခါမှ ဗိုလ်စွဲခဲ့ဖူးခြင်းမရှိဘဲ၊ ယခုအခါမာဆေးလ်အသင်းမှာ လည်း ပြင်သစ်မြေတွင်ပင် ချန်ပီယံဆုနှင့် ထပ်မံလွဲချော်ခဲ့သည်။

ယူရိုပါလိဂ်ချန်ပီယံဆုအား (၃)ကြိမ်မြောက်ရယူခဲ့သည့် အက်သလက်တီကိုအသင်း Photo: Getty Images

ယူရိုပါလိဂ် (ယခင် UEFA)ပြိုင်ပွဲသမိုင်းတစ်လျှောက် အအောင်မြင်ဆုံးအသင်းများ
-----------------
အသင်း ချန်ပီယံ
ဆီဗီလာ ၅ ကြိမ်
အင်တာမီလန် ၃ ကြိမ်
ဂျူဗင်တပ်စ် ၃ ကြိမ်
လီဗာပူးလ် ၃ ကြိမ်
အက်သလက်တီကို ၃ ကြိမ်

Most Read

Most Recent