w ဘီလ်ဘာအိုနှင့် ရီးယဲလ်မက်ဒရစ်တိုက်စစ်တွဲတို့၏ စံချိန်မျိုးကို မက်ဆီနှင့် ဆွာရက်ဇ်တို့၏ ဘာစီလိုနာတိုက်စစ်အတွဲ ပိုင်ဆိုင်ဖွယ်ရှိ - Eleven Media Group <

ဘီလ်ဘာအိုနှင့် ရီးယဲလ်မက်ဒရစ်တိုက်စစ်တွဲတို့၏ စံချိန်မျိုးကို မက်ဆီနှင့် ဆွာရက်ဇ်တို့၏ ဘာစီလိုနာတိုက်စစ်အတွဲ ပိုင်ဆိုင်ဖွယ်ရှိ

 

Photos: AFP

 

 

ဘာစီလိုနာတိုက်စစ်မှူးများဖြစ်သည့် မက်ဆီနှင့် ဆွာရက်ဇ်တို့၏ တိုက်စစ်အတွဲသည် ဘီလ်ဘာအိုတိုက်စစ်အတွဲနှင့် ရီးယဲလ်မက်ဒရစ်တိုက်စစ်အတွဲတို့၏ စံချိန်မျိုးကို ပိုင်ဆိုင်နိုင်ဖွယ်ရှိနေကြောင်း သိရှိရသည်။

လာလီဂါပြိုင်ပွဲသမိုင်းတွင် ဘီလ်ဘာအိုတိုက်စစ်အတွဲဖြစ်သည့် ဘာတာနှင့် ဂရော့စတီဇာ၊ ရီးယဲလ်မက်ဒရစ်ဂန္ထ၀င်တိုက်စစ်အတွဲဖြစ်သည့် ပွတ်ရှ်ကပ်စ် နှင့် ဒီစတီဖာနို တိုက်စစ်အတွဲများသည် ဂိုးသွင်းဘုရင်စာရင်းတွင် (၂)ရာသီတိုင်အဆင့်(၁)နှင့် (၂)နေရာများတွင် ရပ်တည်ပြီး စံချိန်တင်ထားခဲ့ကြခြင်းဖြစ်သည်။

ဘီလ်ဘာအိုတိုက်စစ်အတွဲဖြစ်သည့် ဘာတာနှင့် ဂရော့စတီဇာတို့သည် ၁၉၃၀-၃၁ ရာသီက ဂိုးသွင်းအများဆုံးစာရင်းတွင် ဘာတာက (၂၇)ဂိုးဖြင့် ပထမ၊ ဂရော့စတီဇာက (၁၇)ဂိုးဖြင့် ဒုတိယ နေရာ၌ ရပ်တည်ခဲ့ပြီး ၁၉၃၂-၃၃ ရာသီတွင်လည်း ဘာတာက (၁၅)ဂိုးဖြင့် ပထမ၊ ဂရော့စတီဇာက (၁၄)ဂိုးဖြင့် ဒုတိယရရှိကာ လာလီဂါပြိုင်ပွဲတွင် ပထမဆုံး (၂)ရာသီတိုင်ပထမနှင့် ဒုတိယနေရာတို့တွင် ရပ်တည်နိုင်ခဲ့သည့် တိုက်စစ်အတွဲအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ရီးယဲလ်မက်ဒရစ်ဂန္ထ၀င်တိုက်စစ်အတွဲဖြစ်သည့် ဒီစတီဖာနိုနှင့် ပွတ်ရှ်ကပ်စ် တို့မှာလည်း ၁၉၅၈-၅၉ ရာသီက ဂိုးသွင်းအများဆုံးစာရင်းတွင် ဒီစတီဖာနိုက (၂၃)ဂိုးဖြင့် ပထမ၊ ပွတ်ရှ်ကပ်စ် က (၂၁)ဂိုးဖြင့် ဒုတိယဖြစ်ခဲ့သလို ၁၉၆၀-၆၁ ရာသီတွင်မူပွတ်ရှ်ကပ်စ်က (၂၈) ဂိုးဖြင့် ပထမ၊ ဒီစတီဖာနိုက (၂၁)ဂိုးဖြင့် ဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့သည်။

မက်ဆီနှင့် ဆွာရက်ဇ်တို့၏ ဘာစီလိုနာတိုက်စစ်တွဲသည် ပြီးခဲ့သည့် ၂၀၁၆-၁၇ ရာသီက ဂိုးသွင်းဘုရင်စာရင်းတွင် မက်ဆီက (၃၇)ဂိုးဖြင့် ပထမ၊ ဆွာရက်ဇ်က (၂၈)ဂိုးဖြင့် ဒုတိယ ရရှိခဲ့ဖူးသည်။ ယခုရာသီ ဂိုးသွင်းအများဆုံးစာရင်းတွင် မက်ဆီက (၃၄)ဂိုးဖြင့် ပီပီချီဆုကို ရရှိရန် သေချာ နေပြီး ဆွာရက်ဇ်မှာလည်း ရီးယဲလ်တိုက်စစ်မှူးစီရော်နယ်လ်ဒိုနှင့် အတူ သွင်းဂိုး(၂၅)ဂိုးဖြင့် ဒုတိယနေရာတွင် ပူးတွဲရပ်တည်နေသည်။

စီရော်နယ်လ်ဒိုမှာမူ ခြေချင်းဝတ်ဒဏ်ရာကြောင့် လာလီဂါရာသီပိတ်ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေရာ ဆွာရက်ဇ်မှာ ဂိုးသွင်းအများဆုံးစာရင်း ဒုတိယနေရာကို ရရှိရန် သေချာသလောက်ဖြစ်နေသည်။

ယခုရာသီ လာလီဂါဂိုးသွင်းအများဆုံးစာရင်းသာ ယခုအတိုင်း ပြီးဆုံးခဲ့မည်ဆိုပါက မက်ဆီနှင့် ဆွာရက်ဇ်တို့၏ တိုက်စစ်အတွဲသည် ဘီလ်ဘာအိုနှင့် ရီးယဲလ်မက်ဒရစ် ဂန္ထ၀င်တိုက်စစ်တွဲများ၏ စံချိန်မျိုးကို ပိုင်ဆိုင်နိုင်မည်ဖြစ်သလို၊ (၂)ရာသီဆက်တိုက် ဂိုးသွင်းဘုရင်စာရင်းတွင် အဆင့်(၁)နှင့် (၂)နေရာတို့တွင် ရပ်တည်နိုင်သည့် ပထမဆုံးလာလီဂါတိုက်စစ်တွဲအဖြစ်ပါ စံချိန်သစ်တင်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ယခုရာသီ လာလီဂါဂိုးသွင်းဘုရင်စာရင်း
အမည် သွင်းဂိုး
၁။ မက်ဆီ(ဘာစီလိုနာ) – ၃၄ ဂိုး
၂။ ဆွာရက်ဇ်(ဘာစီလိုနာ) – ၂၅ ဂိုး
၃။ စီရော်နယ်လ်ဒို(ရီးယဲလ်မက်ဒရစ်) – ၂၅ ဂိုး
၎။ အက်စ်ပတ်စ်(ဆယ်လ်တာဗီဂို) – ၂၀ ဂိုး
၅။ ဂရစ်ဇ်မန်း(အက်သလက်တီကို) – ၁၉ ဂိုး
၆။ စတူအာနီ(ဟီရိုနာ) – ၁၉ ဂိုး
၇။ မိုရီနို(အက်စ်ပန်ညို) – ၁၆ ဂိုး
၈။ ရိုဒရီဂို(ဗလင်စီယာ) – ၁၆ ဂိုး
၉။ ဘက်ကာ(ဗီလာရီးယဲလ်) – ၁၅ ဂိုး
၁၀။ ဘေးလ်(ရီးယဲလ်မက်ဒရစ်) – ၁၅ ဂိုး

May 16, 2018














Copy Protected by Chetan's WP-Copyprotect.