ဘိုင်ယန်မြူးနစ် အိမ်ကွင်းဂိုးပြတ်ရှုံးပွဲဖြင့် ရာသီသိမ်းခဲ့ပြီး ဟမ်းဘတ်အသင်းတန်းဆင်းသွားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ် (၃၄) ပွဲပြီးသုံးသပ်ချက်

ဘိုင်ယန်မြူးနစ် အိမ်ကွင်းဂိုးပြတ်ရှုံးပွဲဖြင့် ရာသီသိမ်းခဲ့ပြီး ဟမ်းဘတ်အသင်းတန်းဆင်းသွားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ် (၃၄) ပွဲပြီးသုံးသပ်ချက်
Published 13 May 2018

ဘွန်ဒစ်လီဂါချန်ပီယံဘိုင်ယန်မြူးနစ်အသင်းနည်းပြ ဂျက်ဟေးနက်စ် Photo:AFP

၂၀၁၇-၁၈ ရာသီ ဂျာမန်ဘွန်ဒစ်လီဂါ၏ နောက်ဆုံးပွဲစဉ်ဖြစ်သော ပွဲစဉ် (၃၄)ကို ယနေ့ည ၈း၃၀ နာရီအချိန်တွင် တစ်ပြိုင်နက်ယှဉ်ပြိုင်ကစားခဲ့ရာ ချန်ပီယံဘိုင်ယန်မြူးနစ်အသင်းသည် အိမ်ကွင်းဂိုးပြတ်ရှုံးပွဲဖြင့် ရာသီသိမ်းခဲ့ပြီး ဟမ်းဘတ်အသင်းမှာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် တန်းဆင်းသွားခဲ့ကြောင်း သိရသည်။

ချန်ပီယံဘိုင်ယန်မြူးနစ်အသင်းသည် ယခုရာသီ၏ နောက်ဆုံးပွဲစဉ်ကို အိမ်ကွင်းတွင် ကစားခဲ့ရသော်လည်း စတုဂတ်အသင်းအား (၁-၄)ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ဟမ်းဘတ်အသင်းမှာမူ အိမ်ကွင်းတွင် နိုင်ပွဲယူနိုင်ခဲ့သော်လည်း တန်းဆင်းဇုန်ပြိုင်ဘက် ဝုလ်ဖ်ဘတ်အသင်း၏ အိမ်ကွင်းဂိုးပြတ်နိုင်ပွဲကြောင့် ဂျာမန်ဘောလုံးသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်တန်းဆင်းခဲ့ရခြင်းဖြစ်သည်။

ဘွန်ဒစ်လီဂါရာသီပိတ်ပွဲစဉ်အပြီးတွင် ချန်ပီယံအဖြစ်ဘိုင်ယန်မြူးနစ်၊ ချန်ပီယံလိဂ်ဝင်ခွင့်ရအသင်းများအဖြစ် ဘိုင်ယန်မြူးနစ်နှင့်အတူ ရှော်လ်ကေး၊ ဟော်ဖန်ဟင်မ်၊ ဒေါ့မွန်အသင်းတို့ရရှိခဲ့ပြီး၊ ယူရိုပါလိဂ်ဝင်ခွင့်ရအသင်းများအဖြစ် လေဗာကူဆင်နှင့် လိုက်ပ်ဇစ်အသင်းတို့က အစဉ်လိုက်ရပ်တည်နိုင်ခဲ့သည်။ တန်းဆင်းအသင်းများအဖြစ် ဟမ်းဘတ်နှင့် ကိုလုံးတို့ရပ်တည်ခဲ့ပြီး၊ ဟမ်းဘတ်အသင်းမှာ အသင်းသမိုင်းတစ်လျှောက်အပြင်၊ ဂာျမန်ဘောလုံးသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်တန်းဆင်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဘွန်ဒစ်လီဂါရွှေဖိနပ်ဆုရှင် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီး Photo:AFP

ယခုနှစ်ဂျာမန်ဘွန်ဒစ်လီဂါ၏ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို ဘိုင်ယန်မြူးနစ်အသင်း၏ ပိုလန်လက်ရွေးစင်တိုက်စစ်မှူး လီဝန်ဒေါစကီးက သွင်းဂိုး (၂၉)ဂိုးဖြင့်ရရှိခဲ့ပြီး၊ ဂိုးဖန်တီးမှု အများဆုံးကစားသမားအဖြစ်လည်း ဘိုင်ယန်မြူးနစ်အသင်း၏ ကစားသမား သောမတ်မူလာက (၁၄)ဂိုးဖြင့်ထိပ်ဆုံးတွင် ရပ်တည်နိုင်ခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ပွဲစဉ် (၂၉)အပြီးမှာပင် ချန်ပီယံအဖြစ်အောင်ပွဲခံနိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၂-၁၃ ရာသီမှစတင်ကာ သမိုင်းတစ်လျှောက်စံချိန်တင် (၆)ကြိမ်ဆက်အဖြစ်ဗိုလ်စွဲနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် တန်းဆင်းသွားခဲ့သည့် ဟမ်းဘတ်အသင်းပွဲစဉ် မြင်ကွင်း Photo:AFP

ဟမ်းဘတ်အသင်းပွဲစဉ်တွင် ပရိသတ်များကြောင့် ပွဲသိမ်းခရာမမှုတ်ခင် မိနစ်ပိုင်းအလိုတွင် ကွင်းအတွင်းသို့ မီးခိုးဗုံးများ ရောက်ရှိခဲ့ပြီး ပွဲကိုခေတ္တရပ်နားခဲ့ရကာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ကွင်းအတွင်းသို့ ဝင်ရောက်ထိန်းသိမ်းခဲ့ရကြောင်းလည်း သိရသည်။

အဆင့် (၁၆)နေရာမှ ဝုလ်ဖ်ဘတ်အသင်းမှာမူ လာမည့်ရာသီ တန်းဆင်းဇုန်နေရာအတွက် ဘွန်ဒစ်လီဂါ (၂)မှ တတိယရအသင်းဖြစ်သည့် ဟိုစတီယန်ကီရယ်လ်အသင်းနှင့် အဆုံးအဖြတ် Play-off ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၇-၁၈ ဘောလုံးရာသီ ဘွန်ဒစ်လီဂါ ရာသီသိမ်းအမှတ်ပေးဇယားရပ်တည်မှု Photo:Wikipedia

ဘွန်ဒစ်လီဂါပွဲစဉ် (၃၄)ရလဒ်များ

ဘိုင်ယန်မြူးနစ် ၁-၄ စတုဂတ်

ဟော်ဖန်ဟင်မ် ၃-၁ ဒေါ့မွန်

ဟာသာဘာလင် ၂-၆ လိုက်ပ်ဇစ်

ဖရိုင်းဘတ် ၂-၀ အော့စ်ဘတ်

ရှော်လ်ကေး ၁-၀ ဖရန့်ဖတ်

လေဗာကူဆင် ၃-၂ ဟန်နိုဗာ

ဟမ်းဘတ် ၂-၁ မိုချန်ဂလာဘတ်

မိန့်ဇ် ၁-၂ ဝါဒါဘရီမင်

ဝုလ်ဖ်ဘတ် ၄-၁ ကိုလုံး

Most Read

Most Recent