မြန်မာအသင်းရဲ့ ပထမခြေလှမ်း အောင်မြင်ခဲ့ပြီ

မြန်မာအသင်းရဲ့ ပထမခြေလှမ်း အောင်မြင်ခဲ့ပြီ
Published 19 August 2017

Photo: ညီညီစိုးညွန့်

မလေးရှားနိုင်ငံမှာ ကျင်းပနေတဲ့ ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်တွေဟာ မကြာခင် ပြီးစီးတော့မှာဖြစ်ပြီး မြန်မာ ယူ-၂၂ အသင်းဟာ နိုင်ပွဲတွေ ဆက်ပြီး ဆီမီးဖိုင်နယ်ကို ခြေတစ်လှမ်း ချနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာအသင်းအနေနဲ့ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ ဆီးဂိမ်းစ် ရွှေဆုအိပ်မက်ကို အကောင်အထည်ဖော်ဖု့ိ ဒီနှစ်ပြိုင်ပွဲက အကောင်းဆုံး အနေအထားဖြစ်နေပြီး လက်ရှိ အနေအထားအရတော့ ပထမအဆင့် အောင်မြင်ခဲ့ပြီလို့ ဆိုရမှာပါ။

မြန်မာ ယူ-၂၂ အသင်းဟာ အုပ်စု (က) မှာ အိမ်ရှင် မလေးရှားအသင်းနဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး အိမ်ရှင်အသင်းနဲ့ မကစားရသေးပေမယ့် ဆီမီးဖိုင်နယ်ကို ကြိုတင် တက်ရောက်ခွင့် ရခဲ့တာဖြစ်ပါတယ်။ မြန်မာအသင်းဟာ အုပ်စုပွဲ သုံးပွဲဆက်တိုက် အနိုင်ရခဲ့ပြီး သြဂုတ် ၁၇ ရက်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲမှာ လာအိုအသင်း နိုင်ပွဲပျောက်ခဲ့လို့ ဆီမီးဖိုင်နယ်ကို အစောဆုံး တက်ရောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ မြန်မာအသင်းဟာ ပထမပွဲမှာ စင်ကာပူကို (၂-ဝ) ဂိုး၊ ဒုတိယပွဲမှာ လာအိုကို (၃-၁) ဂိုး၊ တတိယပွဲမှာ ဘရူနိုင်းအသင်းကို (၆-ဝ) ဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ သုံးပွဲဆက် အနိုင်ရခဲ့သလို အုပ်စုပွဲတွေကို ဆက်တိုက် ကစားရတာကြောင့် ဆီမီးဖိုင်နယ်ကို စောစီးစွာ တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ အုပ်စု ပထမနေရာအတွက် အိမ်ရှင် မလေးရှားအသင်းနဲ့ အဆုံးအဖြတ်ပွဲ ကစားရမှာဖြစ်ပြီး ဒီပွဲကတော့ ပြိုင်ဆိုင်မှု ပြင်းထန်ဖို့ ရှိပါတယ်။ မြန်မာအသင်းဟာ နိုင်ပွဲတွေ ဆက်နေပေမယ့် အကောင်းဆုံးပုံစံ ရဖို့တော့ ကြိုးစားရဦးမှာဖြစ်ပြီး ကစားကွက်နဲ့ ကစားဟန်က လိုအပ်ချက်တချို့တော့ ရှိနေပါသေးတယ်။ တိုက်စစ်မှာ အောင်သူတစ်ဦးတည်း သုံးဂိုး သွင်းထားပြီး လာအို၊ ဘရူနိုင်းတို့ကို အနိုင်ရခဲ့တဲ့ ပွဲတွေမှာတော့ အခြားတိုက်စစ် ကစားသမားတွေ ဂိုးရခဲ့တာကြောင့် ဂိုးရဖို့ အောင်သူ တစ်ယောက်တည်းကို မှီခိုနေရတာ လျော့သွားခဲ့ပါတယ်။ ဒါပေမဲ့ မျှော်လင့်ထားတဲ့ အဓိက ကစားသမားတချို့ ပုံစံကောင်း မပြသနိုင်သေးဘဲ သူတို့တွေ ခြေစွမ်းပြနိုင်ခဲ့ရင်တော့ မြန်မာအသင်းရဲ့ကစားပုံက ပိုကောင်းလာနိုင်ပါတယ်။ လက်ရှိ ဆီးဂိမ်းစ်ပြိုင်ပွဲ ယှဉ်ပြိုင်နေတဲ့ အသင်းတွေထဲမှာ မြန်မာနဲ့ ဗီယက်နမ်အသင်းက လက်ရွေးစင် ကစားသမားအများစုနဲ့ အင်အား အတောင့်တင်းဆုံးဖြစ်နေပြီး လက်ရှိချန်ပီယံ ထိုင်းအသင်းရဲ့ လက်ရှိခြေစွမ်းနဲ့ ရလဒ်ပိုင်းတွေအရ ဒီနှစ်သင်းက ပိုပြီး ရေပန်းစားနေတာ ဖြစ်ပါတယ်။

အုပ်စု(ခ) မှာ ဗီယက်နမ်အသင်းက နှစ်ပွဲဆက် အနိုင်ရထားပြီး ထိုင်းနဲ့ အင်ဒိုနီးရှားတို့ကတော့ နှစ်ပွဲကစား လေးမှတ်စီ ရထားပါတယ်။ ဗီယက်နမ်အသင်းဟာ နိုင်ပွဲ ဆက်နေပေမယ့် ကမ္ဘောဒီးယား၊ တီမောတို့ကို အနိုင်ရထားတာ ဖြစ်ပြီး လက်ရှိ ချန်ပီယံ ထိုင်းအသင်းကတော့ အင်ဒိုနီးရှားနဲ့ သရေကျကာ တီမောကိုလည်း (၁-ဝ) ဂိုးနဲ့ပဲ အနိုင်ရထားပါတယ်။ လက်ရှိအနေအထား အရတော့ အုပ်စု (ခ) မှာ ဗီယက်နမ်၊ ထိုင်းနဲ့ အင်ဒိုနီးရှားအသင်းတို့ ဆီမီးဖိုင်နယ်တက်ဖို့ အပြိုင်လုရဖွယ် ရှိပါတယ်။ အုပ်စု (က) မှာ မြန်မာနဲ့အတူ အိမ်ရှင်မလေးရှားအသင်း ဆီမီးဖိုင်နယ်တက်ဖို့ သေချာသလောက် ရှိနေပြီး ပထမနေရာအတွက်ကတော့ ဒီနှစ်သင်းတွေ့ဆုံမယ့် သြဂုတ် ၂၁ ရက်ပွဲက အဆုံးအဖြတ်ဖြစ်လာမှာပါ။ ဆီမီးဖိုင်နယ် တက်ရောက်ပြီးဖြစ်တဲ့ မြန်မာအသင်းအနေနဲ့ ပထမနေရာအတွက် မလေးရှားအသင်းကို အနိုင်ကစားမလား၊ ဒါမှမဟုတ် ဆီမီးဖိုင်နယ်အတွက် အမာခံ ကစားသမားတွေကို အနားပေးမလား ဆိုတာ စောင့်ကြည့်ရပါမယ်။ တစ်ဖက်အုပ်စု အနေအထားကတော့ ဘယ်အသင်း အုပ်စုပထမရမလဲ ဆိုတာ မှန်းဆရခက်ခဲပြီး မြန်မာအသင်းအနေနဲ့ မလေးရှားပွဲမှာ ဘယ်လိုပုံစံနဲ့ ပွဲထွက်လာမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ တစ်ခုရှိတာက မြန်မာအသင်းအနေနဲ့ အုပ်စုနောက်ဆုံးပွဲကို သြဂုတ် ၂၁ ရက်မှာ ကစားရမှာဖြစ်ပြီး ဆီမီးဖိုင်နယ်ပွဲကိုတော့ သြဂုတ် ၂၆ ရက်မှာ ကစားရမှာ ဖြစ်တာကြောင့် ကြားထဲမှာ နားရက် လေးရက် ရှိပါတယ်။ ကြီးကြီးမားမား ဒဏ်ရာမရခဲ့ဘူးဆိုရင် ဆီမီးဖိုင်နယ်အတွက် လုံလောက်မှု ရှိပါတယ်။ ဆီမီးဖိုင်နယ်ကတော့ မြန်မာအသင်းရဲ့ ဒုတိယခြေလှမ်းဖြစ်ပြီး တတိယခြေလှမ်းဖြစ်တဲ့ ဗိုလ်လုပွဲကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

မြန်မာအသင်းရဲ့ အုပ်စုသုံးပွဲ ကစားခဲ့တဲ့ ခြေစွမ်းကိုကြည့်ရင် လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ သုံးပွဲစလုံးမှာ ပွဲထွက် လူစာရင်းကို အနည်းငယ်သာ အပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်။ တိုက်စစ်နဲ့ ကွင်းလယ် ကစားသမားတွေထဲမှာ အပြောင်းအလဲ အနည်းငယ်ပြုလုပ်ထားတာကို တွေ့ရပြီး မလေးရှားနဲ့ ပွဲမှာ ဘယ်လိုအသုံးပြုမလဲဆိုတာ နည်းပြ ဂတ်ဖရိုင်းဒရစ် သြဂုတ် ၁၉ နဲ့ ၂၀ ရက်မှာ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ မြန်မာအသင်း တိုက်စစ်ကို ဦးဆောင်တာကတော့ အောင်သူဖြစ်ပြီး သူဒဏ်ရာမရဖို့ဘဲ စောင့်ကြည့်ရမှာပါ။ အိမ်ရှင် မလေးရှားနိုင်ငံဟာ မြန်မာဆိုရင် ဘောင်အတွင်းက ညစ်တာမျိုးတွေ ရှိနေပြီး မလေးရှားနဲ့ နောက်ဆုံးပွဲမှာလည်း ဒီထက်ပိုဆိုးတဲ့ အနေအထားတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ မြန်မာအသင်းအပြင် လာရောက်အားပေးတဲ့ သူတွေအားလုံးပါ ဒါတွေကို ကြိုပြင်ဆင်ထားဖို့ လိုပါတယ်။

မြန်မာအသင်းဟာ အုပ်စုပွဲစဉ်တွေ မပြီးဆုံးသေးခင် ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ပြီ ဖြစ်တာကြောင့် မြန်မာဘောလုံး ပရိသတ်တွေကို ပျော်ရွှင်မှုတွေ ဆက်တိုက်ပေးစွမ်းနေပါတယ်။ ပထမအဆင့် အောင်မြင်ခဲ့ပြီ ဖြစ်ပေမယ့် ဆုတံဆိပ် ရရှိဖို့အတွက် ဒုတိယနဲ့ တတိယခြေလှမ်းတွေ ဖြတ်သန်းဖို့ လိုပါသေးတယ်။ လက်ရှိ လူစာရင်းအနေအထားအရ မြန်မာအသင်းဟာ တောင့်တင်းမှု ရှိနေပြီး ၂၀၁၅ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့တဲ့ ကစားသမားနဲ့ နည်းပြချုပ်တို့ ကိုင်တွယ်လာတဲ့ မြန်မာ ယူ-၂၂ အသင်းအနေနဲ့ မြန်မာရဲ့ ဒုတိယအိမ်ကွင်းလို့ သတ်မှတ်နိုင်တဲ့ မလေးရှားမြေမှာ ဘယ်လို အောင်ပွဲဆင်နိုင်မလား ဆိုတာ...။

Most Read

Most Recent