ဆီရက်စ်အသင်း၏ ရွေးချယ်မှု မှားယွင်းကြောင်း သက်သေပြမည်ဟု ရန်ကုန်နည်းပြချုပ် ပြောကြား

ဆီရက်စ်အသင်း၏ ရွေးချယ်မှု မှားယွင်းကြောင်း သက်သေပြမည်ဟု ရန်ကုန်နည်းပြချုပ် ပြောကြား
Published 7 May 2018

ရန်ကုန်အသင်းနည်းပြချုပ် ဦးမျိုးမင်းထွန်း (ဓာတ်ပုံ-ညီညီစိုးညွန့်)

ရန်ကုန်အသင်းနည်းပြချုပ် ဦးမျိုးမင်းထွန်းက AFC Cup ပြိုင်ပွဲ အာဆီယံဇုန်ဆီမီးဖိုင်နယ်တွင် တွေ့ဆုံနေသည့် ဖိလစ်ပိုင်ကလပ် ဆီရက်စ်အသင်း၏ ရွေးချယ်မှုမှားယွင်းကြောင်း သက်သေပြမည်ဟု ကြုံးဝါးပြောကြားသည်။

ဆီရက်စ်အသင်းသည် အုပ်စုနောက်ဆုံးပွဲတွင် သရေကျရုံဖြင့် အုပ်စု ပထမရမည်ဖြစ်သော်လည်း စင်ကာပူကလပ် ဟုမ်းယူနိုက်တက်အသင်းကို အိမ်ကွင်း၌ (ဝ-၂) ဂိုးဖြင့် ရှုံးနိမ့်ပြီး ဒုတိယသာရခဲ့သောကြောင့် ရန်ကုန်အသင်းနှင့် တွေ့ဆုံခြင်းဖြစ်သည်။ ဦးမျိုးမင်းထွန်းက “ဆီရက်စ်အသင်းအနေနဲ့ နောက်ဆုံးပွဲမှာ သူတို့လိုချင်တဲ့ရလဒ်မျိုး ဖန်တီးသွားတယ်လို့ ထင်ပါတယ်။ အင်ဒိုနီးရှားကလပ်နဲ့ ကျွန်တော်တို့နှစ်သင်းကို ရွေးချယ်တဲ့အခါ နောက်ဆုံးပွဲအိမ်ကွင်းမှာ အရှုံးပေးပြီး အုပ်စုဒုတိယရယူပြီး ကျွန်တော်တို့ကို ရွေးချယ်ခဲ့ပါတယ်။ သူတို့ အနေနဲ့ ကျွန်တော်တို့ကို အထင်သေးလို့သာ အခုလိုရွေးချယ်ခဲ့တာပါ။ ဒါက ကျွန်တော်တို့အတွက် အခွင့်အရေးပါပဲ။ သူတို့အထင်သေးတဲ့အတွက် ကျွန်တော်တို့က ကစားရတာ အခွင့်အရေးတွေဖြစ်လာနိုင်ပါတယ်။ ဆီရက်စ်အသင်းနဲ့ ပတ်သက်တာတွေကို တတ်နိုင် သလောက် လေ့လာထားပါတယ်။ သူတို့အသင်းက ရှမ်းယူနိုက်တက်အသင်းနဲ့ တွေ့ဆုံခဲ့တာကြောင့် သေသေချာချာ လေ့လာလို့ရပါတယ်။ သူတို့အသင်းက တိုက်စစ်ကစားပုံ ကောင်းတယ်။ ဘောလုံး မဆုံးရှုံးအောင် ကစားတတ်တယ်။ အားနည်းချက်က ခံစစ်ဖြစ်ပါတယ်။ ဒါကိုအသုံးချနိုင်အောင် ကြိုးစားမှာပါ။ လက်ရှိအသင်းအနေအထားက အကောင်းဆုံး အနေအထားမှာ ရှိနေပါတယ်။ နှစ်ကျော့ကစားရမှာဖြစ်ပေမဲ့ နှစ်ပွဲစလုံးက အရေးကြီးပါတယ်။ ပထမအကျော့ အဝေးကွင်းကတည်းက အနိုင်ရလဒ်ရအောင် ကြိုးစားမှာပါ။ သူတို့ ရဲ့ ရွေးချယ်မှု မှားယွင်းကြောင်း သက်သေပြမှာပါ”ဟု ပြောကြားသည်။

ရန်ကုန်အသင်းသည် ယခုရာသီ AFC Cup ပြိုင်ပွဲ အုပ်စု အဆင့်တွင် ဖိလစ်ပိုင်ကလပ် ဂလိုဘယ်အသင်းနှင့် တွေ့ဆုံဖူးပြီး တစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ခဲ့သည်။ ဖိလစ်ပိုင်ကလပ် ဆီရက်စ်အသင်းမှာ လည်း မြန်မာကလပ်အသင်းများနှင့် ဆက်တိုက်တွေ့ဆုံနေပြီး ရှမ်းယူနိုက်တက်အသင်းနှင့် အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲ၊ AFC Cup ပြိုင်ပွဲ အုပ်စုအဆင့်တွင် တွေ့ဆုံခဲ့သည်။ ဆီရက်စ်အသင်းသည် ရှမ်းယူနိုက်တက်အသင်းနှင့် AFC Cup ပြိုင်ပွဲ နှစ်ကျော့ အပါအဝင် သုံးကြိမ်တွေ့ဆုံရာ သုံးပွဲစလုံး အနိုင်ရခဲ့ကြောင်း သိရသည်။ ဆီရက်စ်အသင်း၏ နိုင်ပွဲများတွင် အဝေးကွင်းနှစ်ပွဲ ပါဝင်သည်။

Most Read

Most Recent