ဦးနှောက်သွေးယိုစီးမှုကြောင့် အရေးပေါ်ခွဲစိတ်မှုခံယူခဲ့ရသည့်ဖာဂူဆန်၏အခြေအနေ ကောင်းမွန်ကြောင်း မန်ယူအသင်းထုတ်ပြန်

ဦးနှောက်သွေးယိုစီးမှုကြောင့် အရေးပေါ်ခွဲစိတ်မှုခံယူခဲ့ရသည့်ဖာဂူဆန်၏အခြေအနေ ကောင်းမွန်ကြောင်း မန်ယူအသင်းထုတ်ပြန်
Published 7 May 2018

 

 

Photos: Manchestereveningnews, Daily Mail

 

 

ပြီးခဲ့သည့်စနေနေ့(မေလ ၅ ရက်နေ့)က ဦးနှောက်အတွင်း သွေးယိုစီးမှုကြောင့် အရေးပေါ်ခွဲစိတ်ကုသမှုခံယူခဲ့ရသည့် မန်ယူအသင်းနည်းပြဟောင်း ဖာဂူဆန်၏အခြေအနေမှာ ကောင်းမွန်လာကြောင်း မန်ယူအသင်းက ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အသက်(၇၆)နှစ်အရွယ်ရှိပြီဖြစ်သူ ဖာဂူဆန်သည် ယင်းနေ့နံနက်ပိုင်းတွင် ယင်းရောဂါဝေဒနာခံစားရသဖြင့် မန်ချက်စတာမြို့မြောက်ဘက် ချက်ရှိုင်းယားရှိ သူ၏နေအိမ်သို့ သူနာပြုကားကို ခေါ်ဆောင်ကာ မက္ကလက်စ်ဖီးလ်ဆေးရုံသို့ တင်ပို့ခဲ့ရသည်။

ထို့နောက် ယင်းဆေးရုံမှ မန်ချက်စတာမြို့ရှိ နာမည်ကြီးဆေးရုံဖြစ်သော ဆဲလ်ဖို့ဒ်ရွိုင်ရယ်ဆေးရုံသို့ ဆက်လက်ပို့ဆောင်ခဲ့ရပြီး ယင်းဆေးရုံတွင် ခွဲစိတ်ကုသမှုခံယူခဲ့ရခြင်းဖြစ်သည်။ သူ၏ခွဲစိတ်ကုသမှုမှာ အစစအရာ ရာအဆင်ပြေသော်လည်း ဦးနှောက်သွေးယိုစီးသည့်ရောဂါဝေဒနာမှာ အသက်အန္တရာယ်နှင့်နီးစပ်ခြင်းကြောင့် အထူးကြပ်မတ်ဆောင်တွင် ဆရာ၊ ဆရာဝန်များက သေသေချာချာစောင့်ကြည့်ကုသလျက်ရှိကြောင်း မန်ယူအသင်း တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။ ဖာဂူဆန်၏မိ သားစုဝင်များကလည်း ဆေးရုံမှ တာဝန်ရှိသူများ၏ အရေး ပေါ် ခွဲစိတ်ကုသဆောင်ရွက်မှုများအပေါ် ကျေနပ်အားရ မှုအပြည့်ရှိကြောင်းနှင့် ဖာဂူဆန်အနေဖြင့် မူလအတိုင်း အခြေအနေပြန်လည်ကောင်းမွန်လာမည်ဟု ယုံကြည် မျှော်လင့်ကြောင်း ပြောကြားခဲ့ကြသည်။

မန်ယူအသင်းက ထုတ်ပြန်ခဲ့သောကြေညာချက်၌ " ဆာအဲလက်စ်ဖာဂူဆန်ဟာ ဦးနှောက်အတွင်း သွေးယိုစီးမှုကြောင့် ယနေ့(မေလ ၅ ရက်)မှာ အရေးပေါ်ခွဲစိတ်ကုသမှုခံယူခဲ့ရပါတယ်။ သူ့ရဲ့ခွဲစိတ်ကုသခံယူမှုဟာ အဆင် ပြေချောမွေ့ပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်လာဖို့အတွက် အထူးကြပ်မတ်ကုသဖို့ လိုအပ်နေပါသေးတယ်။ သူ့ရဲ့မိသားစုအနေနဲ့ လက်ရှိအခြေအနေကို မိသားစုတွင်း အရေးကိစ္စတစ်ခုအဖြစ် Privacy ရှိရှိ အေးအေးချမ်းချမ်းဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့ကို တောင်းဆိုထားပါတယ်" ဟု ပြောကြားခဲ့သည်။ မန်ယူအသင်းအား (၂၇)နှစ်ကြာနည်းပြပြီး အောင်မြင်မှုများစွာရယူပေးခဲ့သည့် ဖာဂူဆန်၏အခြေအနေအပေါ် ကမ္ဘာ့မီဒီယာများနှင့် ပရိသတ်များက စိတ်ဝင်တစားရှိနေ ကြပြီး ဗြိတိန်သတင်းစာများကလည်း ယင်းသတင်းကို ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြလျက်ရှိနေကြသည်။

ဖာဂူဆန်သည် ပြီးခဲ့သည့်တစ်ပတ် ဧပြီ(၂၉)ရက် နေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် မန်ယူ(၂-၁)အာဆင်နယ်ပွဲမတိုင်မီ အိုးလ်ထရက်ဖို့ဒ်ကွင်းအတွင်း အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးအား ပန်းအိုး လက်ဆောင်ပေးခဲ့ပြီး အာစင်ဝင်းဂါး၏ နောက်ဆုံး အိုးလ်ထရက်ဖို့ဒ်ကွင်းပွဲစဉ်အဖြစ် နှုတ်ဆက်ခဲ့သည်။ အာစင်ဝင်းဂါးအပါအဝင် ဘောလုံးလောကရှိ နာမည်ကြီးနည်း ပြများ၊ ကစားသမားများက ဖာဂူဆန်၏ ကျန်းမာရေးအခြေအနေအတွက် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ဆုတောင်းမှုများပြုလုပ်ခဲ့ကြသည်ကိုလည်း တွေ့ရှိရသည်။

Most Read

Most Recent