ခုနစ်နှစ်ဝန်းကျင် တပ်ဆင်ထားသည့် သုဝဏ္ဏဘောလုံးကွင်းမှ ပိုက်ကွန်များ MFF ပြန်ဖြုတ်

ခုနစ်နှစ်ဝန်းကျင် တပ်ဆင်ထားသည့် သုဝဏ္ဏဘောလုံးကွင်းမှ ပိုက်ကွန်များ MFF ပြန်ဖြုတ်
Published 5 May 2018

၂၀၁၆ ဆူဇူကီးပြိုင်ပွဲတွင် ပိုက်ကွန်များ တပ်ဆင်ထားသည့်ကြားမှ ပရိသတ်များ အားပေးနေစဉ်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် သုဝဏ္ဏဘောလုံးကွင်း၌ တပ်ဆင်ထားသည့် ပိုက်ကွန်များအား ပြန်ဖြုတ်ခဲ့ကြောင်း သိရသည်။

MFF သည် သုဝဏ္ဏဘောလုံးကွင်းအား ပရိသတ်သုံးသောင်းဆံ့ကွင်းအဖြစ် တိုးချဲ့ပြီးနောက်ပိုင်း ပရိသတ်များ၏ အလွန်အကြူးအားပေးမှုကြောင့် ပိုက်ကွန်များ တပ်ဆင်ခဲ့ရခြင်းဖြစ်သည်။ ၂၀၁၁ ခုနှစ် ဇူလိုင် ၂၈ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အိုမန်အသင်းနှင့် ၂၀၁၄ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ပရိသတ်များ၏ အလွန်အကြူးအားပေးမှုကြောင့် ပွဲမပြီးခင် ရပ်နားခဲ့ရသလို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ အရေးယူမှုနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။ MFF သည် ယင်းကဲ့သို့ အလွန်အကြူးအားပေးမှု ဖြစ်ပေါ်ပြီးနောက်ပိုင်း သုဝဏ္ဏကွင်း၏ အထူးတန်းနှင့် အရှေ့ဘက်ပွဲကြည့်စင်များတွင် ပိုက်ကွန်များတပ်ဆင်ခဲ့ရပြီး ခုနစ်နှစ်ဝန်းကျင်အကြာ ၂၀၁၈ ခုနှစ် မေလဆန်းတွင် ပြန်ဖြုတ်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ ပိုက်ကွန်တွေ ပြန်ဖြုတ်ခဲ့တာ ပရိသတ်တွေအတွက်ဖြစ်ပါတယ်။ ဒါပေမဲ့ ပရိသတ်တွေကလည်း ဘောလုံးပွဲတစ်ပွဲကို ကြည့်ရှုတဲ့နေရာမှာ အလွန်အကြူး အားပေးမှုတွေမပြုလုပ်ဖို့ လိုအပ်ပါတယ်။ ပရိသတ်တွေကိုလည်း အရင်ကလို အလွန်အကြူး အားပေးမှုတွေမဖြစ်အောင် စည်းရုံးလှုံ့ဆော်သွားမှာပါ။ ကျွန်တော်တို့အနေနဲ့ ဒီနှစ်ထဲမှာ ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုပွဲတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ရှိပါတယ်” ဟု MFF တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ သုဝဏ္ဏကွင်းအား ပိုက်ကွန်များတပ်ဆင်ပြီး နောက်ပိုင်းတွင်လည်း နိုင်ငံတကာပြိုင်ပွဲများအား အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး အချို့ပွဲများတွင် ပရိသတ်များ၏ အလွန်အကြူး အားပေးမှုများ ရှိခဲ့သောကြောင့် လာမည့်ပွဲများတွင် ယင်းကဲ့သို့ ထပ်မံမဖြစ်ပေါ်စေရန် ဆောင်ရွက်ရမည်ဖြစ်သည်။