Goal.com မှ ရွေးချယ်သည့် ဧပြီအကောင်းဆုံးဆု အောင်သူ ရရှိ

Goal.com မှ ရွေးချယ်သည့် ဧပြီအကောင်းဆုံးဆု အောင်သူ ရရှိ
Published 4 May 2018

Goal.com (Thailand) မှ ရွေးချယ်သည့် ထိုင်းလိဂ်-၁ ပြိုင်ပွဲ၏ ဧပြီအတွက် အကောင်းဆုံး ကစားသမားဆုကို Police Tero အသင်း၏ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူရရှိခဲ့ကြောင်း သိရသည်။

အောင်သူသည် ဆန်ခါတင်စာရင်းတွင် မြောင်တောင်ယူနိုက်တက်အသင်း၏ ထိုင်းလက်ရွေးစင်နောက်ခံလူ ထရစ္စတန်၊ ဘန်ကောက်ယူနိုက်တက်အသင်း၏ ဘရာဇီးလ် နောက်ခံလူ ဂွန်ဇာလက်စ်တို့နှင့် ပါဝင်ခဲ့သည်။

အောင်သူသည် ဧပြီတွင် ယှဉ်ပြိုင်ကစားသည့် ထိုင်းလိဂ်ပွဲစဉ် ခြောက်ပွဲတွင် ငါးဂိုးသွင်းယူပြီး သုံးဂိုးဖန်တီးပေးနိုင်ခဲ့သည်။

အောင်သူသည် ထိုင်းလိဂ်ပြိုင်ပွဲ၏ သွင်းဂိုးအများဆုံး စာရင်းတွင်လည်း ထိပ်ပိုင်း၌ ရပ်တည်နေပြီး ပွဲစဉ်အလိုက်ချီးမြှင့်သည့် အကောင်းဆုံးဆုကို လေးကြိမ်အထိရရှိထားကြောင်း သိရသည်။ အောင်သူသည် ယခု ရာသီအစမှသာ ထိုင်းလိဂ်သို့ ရောက်ရှိခဲ့သော်လည်း အချိန်တိုအတွင်း ခြေစွမ်းပြပြီး ဂိုးများ သွင်းယူထားသည်။

အောင်သူသည် ဧပြီတွင် ယှဉ်ပြိုင်ကစားသည့် ပွဲစဉ်များအနက်  ဆိပ်ကမ်းအသင်းအား (၄-၂) ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် နှစ်ဂိုး၊ UBON အသင်းအား (၃-၂) ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် တစ်ဂိုး၊ ဆူခိုထိုင်းအသင်းအား (၂-၁) ဂိုးဖြင့် အနိုင်ရသည့် ပွဲတွင် တစ်ဂိုး၊ ပတ္တရားအသင်းအား (၃-၁) ဂိုး ဖြင့် အနိုင်ရသည့်ပွဲတွင် တစ်ဂိုးသွင်းယူခဲ့ခြင်း ဖြစ်သည်။ အောင်သူသည် ယခုရာသီတွင် စုစုပေါင်း ခုနစ်ဂိုးသွင်းယူထားသည်။

Most Read

Most Recent