လီဗာပူးလ်အသင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ (၈)ကြိမ်မြောက်တက်ရောက်

လီဗာပူးလ်အသင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ (၈)ကြိမ်မြောက်တက်ရောက်
Published 3 May 2018

ရိုးမား ၄-၂ လီဗာပူးလ်
(နှစ်ကျော့ပေါင်း ၇-၆ ဂိုးဖြင့် လီဗာပူးလ် ဗိုလ်လုပွဲတက်)

လီဗာပူးလ်အသင်းသည် ရောမမြေတွင်ကစားခဲ့သည့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တွင် အရေးနိမ့်ခဲ့သော်လည်း နှစ်ကျော့ပေါင်းရလဒ်အသာဖြင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ (၈)ကြိမ်မြောက်တက်ရောက်ခဲ့သည်။

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်မှာ အသင်းLine-upတွင် ပထမအကျော့ကဒဏ်ရာရခဲ့သည့် ချိန်ဘာလိန်၏နေရာတွင် ဝိုင်နယ်လ်ဒမ်းကို ပွဲထွက်ကစားစေခဲ့သည့် အပြောင်းအလဲသာပြုလုပ်ခဲ့ပြီး ရိုးမားအသင်းမှာ (၃)နေရာပြောင်းလဲကာ ပွဲထွက်လာခဲ့သည်။

(၉)မိနစ်တွင် နိုင်ဂိုလန်၏အမှားမှတစ်ဆင့် မာနေက လီဗာပူးလ်အတွက် ဦးဆောင်ဂိုးသွင်းခဲ့ပြီး (၆)မိနစ်အကြာတွင် မီလ်နာ၏လက်ဆောင်ဂိုးပေးခဲ့ရသော်လည်း ဝိုင်နယ်လ်ဒမ်းက (၂၅)မိနစ်တွင် ခေါင်းတိုက်သွင်းကာ လီဗာပူးလ်အသင်းကို ပထမပိုင်းအပြီးထိ ဦးဆောင်စေခဲ့သည်။

လီဗာပူးလ်အသင်းသည် (၅၂)မိနစ်တွင် ဂျက်ကိုသွင်းယူသည့်ချေပဂိုးကို ခွင့်ပြုခဲ့ရပြီးနောက် ခံစစ်ကို ပိုမိုအာရုံစိုက်ကစားသွားခဲ့သည်။

ရိုးမားကွင်းလယ်လူ နိုင်ဂိုလန်က (၈၆)မိနစ်တွင် တိကျပြင်းထန်သည့် အဝေးကန်ချက်ဖြင့် တတိယဂိုး၊ (၉၃)မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် စတုတ္ထဂိုးများသွင်းယူနေသော်လည်း အချိန်နှောင်းသွားသဖြင့် လက်လျှော့ခဲ့ရသည်။

လီဗာပူးလ်အသင်းအနေဖြင့် ၂၀၀၇ နောက်ပိုင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တစ်ကျော့ပြန်တက်ရောက်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် ရီးယဲလ်မက်ဒရစ်အသင်းနှင့် လီဗာပူးလ်အသင်းတို့ မေလ(၂၆)ရက်နေ့၌ ယူကရိန်းနိုင်ငံ၊ ကိဗ်မြို့ရှိ အိုလံပစ်ကွင်းတွင် ကစားသွားမည်ဖြစ်ပြီး ယခင်ဗိုလ်လုပွဲတွေ့ဆုံမှုအဖြစ် ၁၉၈၀-၈၁ရာသီတွင် လီဗာပူးလ်အသင်းက ရီးယဲလ်မက်ဒရစ်အသင်းကို (၁-ဝ)ဂိုးဖြင့် အနိုင်ရရှိထားခဲ့သည်။

 

Photo: Daily Mail

 

Most Read

Most Recent