လိဒ်စ်နှင့် ခြေစမ်းမည့် မြန်မာ့လက်ရွေးစင်အသင်းကို ၁၉ ဦးဖြင့် ဖွဲ့စည်းပြီး ဦးစိုးမြတ်မင်း ကိုင်တွယ်မည်

လိဒ်စ်နှင့် ခြေစမ်းမည့် မြန်မာ့လက်ရွေးစင်အသင်းကို ၁၉ ဦးဖြင့် ဖွဲ့စည်းပြီး ဦးစိုးမြတ်မင်း ကိုင်တွယ်မည်
Published 2 May 2018

မြန်မာ့လက်ရွေးစင်နှင့် MNL All Star နှစ်သင်းစလုံး၌ ရွေးချယ်ခံရသည့် တောင်ပံကစားသမား စည်သူအောင် (ဓာတ်ပုံ-ညီညီစိုးညွန့်)

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် အင်္ဂလန်လိဂ်ချန်ပီယံရှစ်ကလပ် လိဒ်စ်ယူနိုက်တက်အသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည့် မြန်မာ့လက်ရွေးစင်အသင်းအား ပဏာမ ကစားသမား ၁၉ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။ MFF သည် နည်းပြ အဖွဲ့ကိုလည်း လူငယ်အများစုဖြင့် ဖွဲ့စည်းထားပြီး နည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်းအား တာဝန်ပေးအပ်ထားသည်။

MNL ထိပ်သီးကလပ် ရန်ကုန်အသင်းသည် မေဒုတိယပတ်တွင် AFC Cup ပြိုင်ပွဲ အာဆီယံဇုန် ဆီမီးဖိုင်နယ်ကစားရန်ရှိသောကြောင့် ယင်းအသင်းမှ ကစားသမားများကို ရွေးချယ်ခြင်းမရှိဘဲ ရှမ်းယူနိုက်တက်နှင့် ရတနာပုံအသင်းမှ ကစားသမားအများစုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ယင်းခြေစမ်းပွဲအတွက် မေ ၁ ရက် ညနေပိုင်းမှစ၍ လေ့ကျင့်မှုပြုလုပ်လျက်ရှိပြီး MNL All Star အသင်းတွင် ရွေးချယ်ခံထားရသည့် ကစားသမားများကို လေ့ကျင့်ပေးရန် နည်းပြအဖွဲ့နှင့် ညှိနှိုင်းဆောင် ရွက်မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းတွင် ကျော်ဇင်ဖြိုး (ဂိုး)၊ ဝင်းနိုင်စိုး၊ နေလင်း ထွန်း၊ မောင်မောင်စိုးတို့ တစ်ကျော့ပြန်ပါဝင်လာပြီး ဝေယံဦးနှင့် ရန်ကျော်ထွေးတို့ ပထမဆုံး ရွေးချယ်ခံခဲ့ရသည်။ မြန်မာ့လက်ရွေးစင်အသင်း၏ နည်းပြအဖွဲ့တွင် လူငယ်နည်းပြ များဖြစ်သည့် ရတနာပုံအသင်းနည်းပြချုပ် ဦးအောင်ကျော်မိုး၊ စစ်ကိုင်းယူနိုက်တက်အသင်းနည်းပြချုပ် ဦးဇော်လင်းထွန်းတို့က လက်ထောက်နည်းပြများအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး ဂိုးနည်းပြအဖြစ် ဝါရင့်နည်းပြ ဦးအောင်ကျော်ကျော်က ဆောင်ရွက်မည် ဖြစ်သည်။

MFF သည် မြန်မာ့လက်ရွေးစင်အသင်းကို လိဒ်စ်ယူနိုက်တက်အသင်းနှင့် ခြေစမ်းပွဲအတွက်သာ ဖွဲ့စည်းထားခြင်းဖြစ်ပြီး မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်သစ်မှာလည်း ယင်းခြေစမ်းပွဲတွင် ကိုင်တွယ်မည်မဟုတ်ဘဲ အသင်းအနေအထားကို စောင့်ကြည့်မည်ဖြစ်သည်။ MFF သည် မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်သစ်ကို လိဒ်စ်ယူနိုက်တက်နှင့်ပွဲမတိုင်မီ စာချုပ်ချုပ်ဆိုမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်း နှင့် လိဒ်စ်ယူနိုက်တက်အသင်း ခြေစမ်းပွဲကို မေ ၁၁ ရက်တွင် မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပမည်ဖြစ်သည်။

 

■ မြန်မာ့လက်ရွေးစင်အသင်း လူစာရင်း

နည်းပြချုပ်-ဦးစိုးမြတ်မင်း၊ လ/ထနည်းပြ-ဦးအောင်ကျော်မိုး၊ ဦးဇော်လင်းထွန်း၊ ဂိုးနည်းပြ-ဦးအောင်ကျော်ကျော်၊

ဂိုးသမား-ကျော်ဇင်ဖြိုး(မကွေး)၊ ဘုန်းသစ္စာမင်း (ရှမ်း)၊ နောက်တန်း-သိန်းသန်းဝင်း၊ မျိုးကိုထွန်း၊ ဇော်ရဲထွန်း၊ ရဲရင့်အောင် (ရတနာပုံ)၊ ဇော်မင်းထွန်း (ရန်ကုန်)၊ ထိုက်ထိုက်အောင် (ရှမ်းယူနိုက်တက်)၊

အလယ်တန်း-လှိုင်းဘိုဘို၊ စည်သူအောင် (ရတနာပုံ)၊ တင်ဝင်းအောင်၊ ရန်နိုင်ဦး၊ နေလင်းထွန်း (ရှမ်းယူနိုက်တက်)၊ မောင်မောင်စိုး (မကွေး)၊ ရန်ကျော်ထွေး (ဇွဲကပင်)၊ ဝေယံဦး (မြဝတီ)၊

ရှေ့တန်း- ဇင်မင်းထွန်း၊ ဒွေးကိုကိုချစ် (ရှမ်းယူနိုက်တက်)၊ ဝင်းနိုင်စိုး (ရတနာပုံ)

Most Read

Most Recent