ဘိုင်ယန်မြူးနစ်ကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲကို (၁၆)ကြိမ်မြောက် တက်လှမ်းနိုင်ခဲ့တဲ့ ရီးယဲလ်မက်ဒရစ်

ဘိုင်ယန်မြူးနစ်ကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲကို (၁၆)ကြိမ်မြောက် တက်လှမ်းနိုင်ခဲ့တဲ့ ရီးယဲလ်မက်ဒရစ်
Published 2 May 2018

Photo: Getty Images

Photo: AFP/Getty Images

Photo: Shutterstock

Photo: Shutterstock

Photo: AFP/Getty Images

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်အဖြစ် ရီးယဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ ဘာနေဗျူးကွင်းမှာ ကစားခဲ့ရာ (၂-၂)ဂိုးသရေကျခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ်နဲ့ ရီးယဲလ်မက်ဒရစ် ဗိုလ်လုပွဲတက်ခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းဟာ ပထမအကျော့က လူစာရင်းကို အနည်းငယ် အပြောင်းအလဲလုပ်ခဲ့ပြီး စီရော်နယ်လ်ဒို၊ တိုနီကရူးစ်၊ မိုဒရစ်၊ ဗက်ဇ်ကေးတို့နဲ့အတူ အဆန်စီယို၊ ဘန်ဇီမာတို့ ပွဲထွက်လာခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းကလည်း ကွင်းလယ်ပိုင်းမှာ အပြောင်းအလဲလုပ်ခဲ့ပြီး လီဝန်ဒေါစကီး၊ ရီဘာရီ၊ မူလာ၊ ဂျိမ်းစ်ရိုဒရီဂွက်ဇ်တို့နဲ့အတူ တိုလစ်ဆို၊ သီယာဂိုအယ်လ်ကန်တာရာတို့ ပွဲထွက်လာပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျူဗင်တပ်စ်လိုပဲ ဘာနေဗျူးမှာ ရီးယဲလ်မက်ဒရစ်အသင်းကို အမြင့်ဘောတွေနဲ့ ထိုးဖောက်ဖို့ ကြိုးစားခဲ့ပြီး ပွဲအစ(၃)မိနစ်မှာပဲ ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဖြတ်တင်ဘောကို ရီးယဲလ်နောက်ခံလူ ရာမို့စ် ရှင်းထုတ်ပုံမပီပြင်ရာကတစ်ဆင့် ဘိုင်ယန်မြူးနစ် နောက်ခံလူ ကင်မစ်ချ် အနီးကပ် ကန်သွင်းယူသွားခဲ့တာပါ။

စောစောစီးစီး ဦးဆောင်ဂိုး ပေးလိုက်ရပေမယ့် ရီးယဲလ်မက်ဒရစ်အသင်း တည်တည်ငြိမ်ငြိမ်နဲ့ တုံ့ပြန်ကစားနိုင်ခဲ့ပြီး ပွဲချိန်(၁၁)မိနစ်မှာတော့ မာဆယ်လိုရဲ့ ဖြတ်တင်ဘောကို တိုက်စစ်မှူး ဘန်ဇီမာ အပိုင်ခေါင်းတိုက်ခွင့်ရကာ ချေပဂိုးသွင်းယူခဲ့ပါတယ်။

ဒီဂိုးအတွက် ရီးယဲလ်မက်ဒရစ်အသင်း ကစားကွက်တည်ဆောက်ချိန်မှာ အပေးအယူ (၂၈)ကြိမ်ပြုလုပ်ခဲ့ပြီး ဒီရာသီချန်ပီယံလိဂ်မှာ အပေးအယူအရေအတွက် ဒုတိယအများဆုံးနဲ့ သွင်းယူနိုင်တဲ့ဂိုး ဖြစ်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ရီဘာရီ၊ ဂျိမ်းစ်ရိုဒရီဂွက်ဇ်တို့ရဲ့ တစ်ဦးချင်းတိုးအား၊ လျင်မြန်တဲ့တွဲလုံးတွေနဲ့ ရီးယဲလ်ခံစစ်ကို ထိုးဖောက်ခဲ့ပြီး အခွင့်အရေးတွေရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။

ဒုတိယပိုင်းအစမှာတော့ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ သီယာဂို နောက်ပြန်ပေးပို့မှုကို ဘိုင်ယန်မြူးနစ်ဂိုးသမား ကန်ထုတ်ဖို့ ကြိုးစားပေမယ့် ခြေချော်သွားခဲ့တာကြောင့် ရီးယဲလ်တိုက်စစ်မှူး ဘန်ဇီမာက ကန်သွင်းယူသွားခဲ့ပါတယ်။

ရီးယဲလ်အသင်းဟာ (၂-၁)ဂိုးနဲ့ ဦးဆောင်နိုင်ချိန်မှာ တန်ပြန်တိုက်စ်ကို အားပြုလာပြီး ဘိုင်ယန်မြူးနစ်အသင်း ဘောလုံးကိုင်ကစားခွင့်ရခဲ့ပါတယ်။ တန်ပြန်တိုက်စစ်ကနေ စီရော်နယ်လ်ဒို ဂိုးသွင်းခွင့်တွေရခဲ့ပေမယ့် ဂိုးကံခေခဲ့ပါတယ်။

(၆၃)မိနစ်မှာတော့ ရီးယဲလ်အသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းမှာ အငှားကစားနေတဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်က နှစ်ဆင့်ပိတ်သွင်းပြီး ဘိုင်ယန်မြူးနစ်အသင်း ချေပဂိုးရခဲ့ပါတယ်။

(၂-၂)ဂိုးဖြစ်သွားလို့ နောက်ထပ် နောက်ထပ် အဝေးဂိုးပေးလို့မရတော့တဲ့ ရီးယဲလ်မက်ဒရစ်အသင်းဟာ လက်ကျန်ပွဲချိန်မှာ ဘိုင်ယန်မြူးနစ်တိုက်စစ်ကို သတိကြီးကြီးနဲ့ ထိန်းကစားသွားခဲ့ရပြီး နှစ်ကျော့ပေါင်း (၄-၃)ဂိုးနဲ့ ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းအနေနဲ့ ချန်ပီယံလိဂ်(ယခင်ဥရောပဖလား) ဗိုလ်လုပွဲကို (၁၆)ကြိမ်မြောက် တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး အခြားဘယ်အသင်းထက်မဆို သာလွန်နေတာပါ။

ရီးယဲလ်နည်းပြ ဇီဒန်းကတော့ မာဆယ်လိုလစ်ပီ (၁၉၉၆ မှ ၁၉၉၈) နောက်ပိုင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲကို (၃)ကြိမ်ဆက် တက်ရောက်နိုင်တဲ့ ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

■ ပွဲရလဒ်
ရီးယဲလ်မက်ဒရစ် ၂-၂ ဘိုင်ယန်မြူးနစ်
(နှစ်ကျော့ပေါင်း ၄-၃ ဂိုးဖြင့် ရီးယဲလ်မက်ဒရစ် ဗိုလ်လုပွဲတက်)

Most Read

Most Recent