ဘရူနိုင်းဘုရင့်ဖလားပြိုင်ပွဲဝင် မြန်မာယူ-၂၁ အသင်း အုပ်စုနောက်ဆုံးပွဲတွင် အိမ်ရှင်ဘရူနိုင်းကို အနိုင်ရပြီး ကမ္ဘောဒီးယားအသင်းနှင့် ဆီမီးဖိုင်နယ်ကစားရမည်

ဘရူနိုင်းဘုရင့်ဖလားပြိုင်ပွဲဝင် မြန်မာယူ-၂၁ အသင်း အုပ်စုနောက်ဆုံးပွဲတွင် အိမ်ရှင်ဘရူနိုင်းကို အနိုင်ရပြီး ကမ္ဘောဒီးယားအသင်းနှင့် ဆီမီးဖိုင်နယ်ကစားရမည်
Published 1 May 2018

၂၀၁၈ ဘရူနိုင်းဘုရင့်ဖလားပြိုင်ပွဲဝင် မြန်မာယူ-၂၁ အသင်းသည် ယနေ့မြန်မာစံတော်ချိန် ည ရး၃၀ နာရီတွင် အုပ်စုနောက်ဆုံးပွဲအဖြစ် အိမ်ရှင်ဘရူနိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ၌ (၁-ဝ)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့သည်။

မြန်မာယူ-၂၁ အသင်းတွင် ပွဲထွက်ကစားသမားများအဖြစ် ဂိုး-ဘုန်းသစ္စာမင်း၊ နောက်တန်း- ကျော်သူထွန်း၊ ရဲရင့်အောင်၊ ဝင်းမိုးကျော်၊ သန်းထိုက်ဇင်၊ အလယ်တန်း - စိုးလွင်လွင်၊ မြတ်ကောင်းခန့်၊ လွင်မိုးအောင်၊ ဟိန်းထက်အောင်၊ ရှေ့တန်း - အောင်ကောင်းမာန်နှင့် ဇင်မင်းထွန်းတို့ ကစားခဲ့ကြသည်။

မြန်မာယူ-၂၁ အသင်းသည် ပထမပိုင်း၌ ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ဘရူနိုင်းအသင်းကို ဖိအားပေးကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်အများအပြား ရရှိခဲ့သော်လည်း အဆုံးသတ်မသေချာမှုများကြောင့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပေ။

ပွဲကစားချိန်(၃၄)မိနစ်တွင် မြန်မာယူ-၂၁ အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို အောင်ကောင်းမာန်၏ အဝေးက ကန်ချက်မှ ပြန်လျှံထွက်လာသည်ကို ဇင်မင်းထွန်းက ပြေးဝင်ပိတ်သွင်းယူခဲ့သည်။

(၃၉)မိနစ်တွင် လွင်မိုးအောင်၏ ပြစ်ဒဏ်ဘောကို ဘရူနိုင်းဂိုးသမား ပုတ်ထုတ်နိုင်ခဲ့သောကြောင့် မြန်မာတို့ နစ်နာခဲ့ရသည်။

ဒုတိယပိုင်းအစတွင် ဘရူနိုင်းအသင်းက ချေပဂိုးရရှိရန် ဖိအားပေးကစားနိုင်ခဲ့သော်လည်း မြန်မာနောက်တန်းကစားသမားများက တည်တည်ငြိမ်ငြိမ်ဖြင့် ရှင်းထုတ်နိုင်ခဲ့သည်။

ဒုတိယပိုင်းတွင် အောင်ကောင်းမာန်နေရာ၌ ပြည့်စုံနိုင်၊ လွင်မိုးအောင်နေရာ၌ မြတ်ထွန်းသစ်၊ ဇင်မင်းထွန်းနေရာ၌ စိုးမိုးကျော်တို့ ဝင်ရောက်ကစားခဲ့သည်။

မြန်မာယူ-၂၁အသင်းသည် ယခုပွဲအနိုင်ရရှိမှုကြောင့် အုပ်စုဗိုလ်အဖြစ် ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့ပြီး မေ(၂)ရက်၊ မြန်မာစံတော်ချိန် ညနေ ၆း၄၅ နာရီတွင် တစ်ဖက်အုပ်စုဒုတိယရ ကမ္ဘောဒီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အခြားဆီမီးဖိုင်နယ်ပွဲအဖြစ် စင်ကာပူအသင်းနှင့် တီမောအသင်းတို့ တွေ့ဆုံနေလျက်ရှိသည်။

ယနေ့ည၏ တစ်ဖက်အုပ်စုပွဲတွင် ကမ္ဘောဒီးယားအသင်းက စင်ကာပူအသင်းကို (၁-ဝ)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

■ အုပ်စုနောက်ဆုံးပွဲ ရလဒ်များ

ဘရူနိုင်း ဝ-၁ မြန်မာ
စင်ကာပူ ဝ-၁ ကမ္ဘောဒီးယား

 

Most Recent