ဆာလာရဲ့ မှော်ဝင်ခြေစွမ်းနဲ့ အန်ဖီးလ်မှာ ရိုးမားကိုဂိုးပြတ်အနိုင်ယူတဲ့ လီဗာပူးလ်

ဆာလာရဲ့ မှော်ဝင်ခြေစွမ်းနဲ့ အန်ဖီးလ်မှာ ရိုးမားကိုဂိုးပြတ်အနိုင်ယူတဲ့ လီဗာပူးလ်
Published 25 April 2018

 

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် လီဗာပူးလ်နဲ့ ရိုးမားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး လီဗာပူးလ်အသင်းက (၅-၂)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

သွင်းဂိုး (၅)ဂိုးဆိုတဲ့အနေအထားက လီဗာပူးလ်အတွက်တော့ ဗိုလ်လုပွဲကို ခြေတစ်ဖက်လှမ်းခဲ့ပြီလို့ပဲဆိုရမှာပါ။ ရိုးမားအသင်း (၂)ဂိုးပြန်ရခဲ့ပေမယ့် ဘာစီလိုနာနဲ့တုန်းကလို ရောမမှာပြန်လာဖို့ထပ်ဖြစ်နိုင်ပါ့ဦးမလား။

တစ်ဦးချင်းခြေစွမ်း၊ စိတ်ဓာတ်ပိုင်းနဲ့ အောင်နိုင်လိုစိတ်တွေအားလုံးမှာ လီဗာပူးလ်ဟာ ရိုးမားထက် ပြတ်ပြတ်သားသားကို အသာစီးရခဲ့ပြီး အန်ဖီးလ် မှော်ဝင်ညတစ်ညကိုဖန်တီးခဲ့ပါတယ်။

စံချိန်တွေတစ်ခုပြီးတစ်ခု မရပ်မနား ချိုးဖျက်နေတဲ့ ဆာလာဟာ ဒီပွဲမှာလည်း ဖေမီနိုနဲ့အတူ လီဗာပူးလ်အသင်းသမိုင်းမှာ တစ်ရာသီအတွင်း ဥရောပပြိုင်ပွဲတွေမှာ ဂိုးသွင်းအများဆုံးအဖြစ် (၁၀)ဂိုးစီအပြိုင်သွင်းယူခဲ့ကြပြီး၊ ဒီရာသီမှာ သူတို့ (၂)ဦးပေါင်းရဲ့သွင်းဂိုးဟာ ပြိုင်ပွဲစုံ (၇၀)ဂိုးအထိရှိလာခဲ့ပါတယ်။

ရိုးမားရဲ့ စိတ်ပျက်စရာ အကောင်းဆုံးပုံစံကို တွေ့ခဲ့ရပြီး ဒီအဆင့်ထိရောက်လာတာဟာ ကျေနပ်စရာအကောင်းဆုံးအောင်ပွဲဖြစ်ခဲ့တယ်လို့ပဲဆိုရမှာပါ။ အထူးသဖြင့် နိုင်ဂိုလန်၊ ဒီရော့စီ၊ စထရုမန်းတို့ရဲ့ ကွင်းလယ်ပိုင်းနဲ့ အထနှေးတဲ့ခံစစ်ပိုင်းတို့ လီဗာပူးလ်ရဲ့မြန်ဆန်မှုကို မယှဉ်နိုင်ခဲ့တာက ပွဲကိုပြတ်ပြတ်သားသားဖြစ်စေခဲ့ပါတယ်။

ပွဲအစကတည်းက လီဗာပူးလ်အသင်း တရစပ်တိုက်စစ်ဆင်ခဲ့ပြီး ဂိုးသွင်းဖို့ကြိုးစားခဲ့ပေမယ့် ရိုးမားအသင်းခံစစ်က တောင့်ခံထားနိုင်ခဲ့သလို၊ ဆာလာ၊ မာနေတို့ ဂိုးရဖို့လောနေလို့ အရာမရောက်ခဲ့ပါဘူး။ ပွဲချိန် (၁၈)မိနစ်မှာပဲ ချိန်ဘာလိန်ဒဏ်ရာရသွားလို့ ဝိုင်နယ်လ်ဒမ်းနဲ့ လူစားလဲခဲ့ရပါတယ်။

ထုံးစံအတိုင်းပွဲကိုဆုံးဖြတ်သွားခဲ့တာက ဆာလာပါပဲ။ ပွဲချိန် (၃၆)မိနစ်နဲ့ ပထမပိုင်းနာကျင်အချိန်ပိုတွေမှာ သွင်းယူခဲ့တဲ့ သူ့ရဲ့ ဂိုးတွေက အဆင့်မြင့်လွန်းခဲ့ပြီး အသင်းဟောင်း ရိုးမားအသင်းအတွက် ထိုးနှက်ချက်ဖြစ်ခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာလည်း လီဗာပူးလ်အသင်းရဲ့တိုက်စစ်ကိုသာ မြင်ခဲ့ရပြီး ဆာလာရဲ့ ဖန်တီးပေးမှုတွေကနေ (၅၆)မိနစ်မှာ မာနေ၊ (၆၁)မိနစ်မှာ ဖေမီနိုတို့က လွယ်လွယ်ကူကူပဲသွင်းယူသွားခဲ့ပါတယ်။

မိနစ် (၆၀)ကျော်မှာပဲ (၄)ဂိုးပြတ်သွားခဲ့တာကြောင့် ရိုးမားအသင်းပြိုလဲသွားသလိုဖြစ်ခဲ့ရပြီး၊ လီဗာပူးလ်အသင်းအတွက် (၅)ဂိုးမြောက်ဂိုးကိုလည်း (၆၉)မိနစ်မှာ မီလ်နာရဲ့ထောင့်ကန်ဘောကနေ ဖေမီနိုကခေါင်းတိုက်သွင်းယူသွားခဲ့ပါတယ်။

မီလ်နာအတွက်လည်း ဒီရာသီချန်ပီယံလိဂ်မှာ (၉)ဂိုးမြောက်ဖန်တီးမှုဖြစ်ခဲ့ပြီး လီဗာပူးလ်အသင်းသမိုင်းမှာ စံချိန်တစ်ခုလည်းဖြစ်ခဲ့ပါတယ်။ (၅)ဂိုးပြတ်သွားပြီးချိန်မှာ လီဗာပူးလ်အသင်း အပြောင်းအလဲအချို့လုပ်ခဲ့ပြီး ဆာလာနေရာမှာ ဒန်နီအင့်စ်ကို ဝင်ရောက်ကစားစေခဲ့ပါတယ်။

ချေပဂိုးရဖို့ပြန်ကြိုးစားခဲ့တဲ့ ရိုးမားအသင်း (၈၁)မိနစ်မှာ ဂျက်ကို၊ (၈၁)မိနစ်မှာ ပါရော့တီတို့က ပယ်နယ်တီကနေတစ်ဆင့် ချေပဂိုးတွေ (၂)ဂိုးပြန်သွင်းခဲ့လို့ အနည်းငယ်မျှော်လင့်ချက်ပြန်ထင်ခဲ့ပါတယ်။

ဒါပေမဲ့ လက်ကျန်ပွဲချိန်တွေမှာတော့ လီဗာပူးလ်အသင်း ထိန်းထိန်းသိမ်းသိမ်းကစားခဲ့လို့ (၅-၂)ဂိုးရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။ အဝေးဂိုး (၂)ဂိုးရခဲ့တဲ့ ရိုးမားအတွက် နောက်ဆုံးမျှော်လင့်ချက်က ဘာစီလိုနာကိုအောင်နိုင်ခဲ့သလို အိမ်ကွင်း အိုလံပီကိုမှာ လီဗာပူးလ်ကို (၃)ဂိုးပြတ်ပြန်သွင်းနိုင်ဖို့ပါပဲ။

ဒီပွဲအပြီးမှာတော့ လီဗာပူးလ်အသင်းရဲ့ ဒီရာသီချန်ပီယံလိဂ်သွင်းဂိုးဟာ ခြေစစ်ပွဲအဆင့်က စတွက်မယ်ဆိုရင် (၄၄)ဂိုးအထိရှိလာခဲ့ပြီး၊ အုပ်စုအဆင့်က စတွက်ရင်တော့ (၃၈)ဂိုးအထိရှိနေတာက တခြားဘယ်ပြိုင်ဘက်ထက်မဆို ပြတ်ပြတ်သားသားအသာရထားပါတယ်။

 

Photo: Reuters

Photo: BT Sport

Photo: BT Sport

■ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ရလဒ်
လီဗာပူးလ် ၅-၂ ရိုးမား

■ လိဂ်ချန်ပီယံရှစ်ရလဒ်များ
ဒါဘီ ၃-၁ ကာဒစ်ဖ်
နော်တင်ဟမ် ၃-၀ ဘန်စလေ

Most Read

Most Recent