<

MIC အသင်း ၀င်ရောက်ယှဉ်ပြိုင်မည့် အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲ အုပ်စုပွဲစဉ်များထွက်ပေါ်

၂၀၁၈ MFF Open Cup ဖူဆယ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် MIC အသင်း (ဓာတ်ပုံ-ညီညီစိုးညွန့်)

မြန်မာကလပ် MIC အသင်း ၀င်ရောက်ယှဉ်ပြိုင်မည့် ၂၀၁၈ အာဆီယံ ဖူဆယ်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုပွဲစဉ်များ ထွက်ပေါ်လာပြီဖြစ်ကြောင်း သိရသည်။ အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) သည် လေးသင်း နှစ်အုပ်စုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။

AFF သည် ယခုနှစ်တွင် အမျိုးသားပြိုင်ပွဲသာ ကျင်းပမည်ဖြစ်ပြီး သုံးကြိမ်ဆက်တိုက် ဗိုလ်စွဲထားသည့် နာမည်ကြီးကလပ် ထိုင်းဆိပ်ကမ်းအသင်း ပါဝင်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း သိရသည်။ အုပ်စုခွဲဝေထားမှုအရ MIC အသင်းသည် အုပ်စု (က) တွင် အာဘီဆာရမ် (ဘရူနိုင်း)၊ ကွန်ချေမီရာ (ကမ္ဘောဒီးယား)၊ East Coast Heat (သြစတြေးလျ) တို့နှင့် ကျရောက်နေပြီး အုပ်စု (ခ) တွင် ထိုင်းကလပ် ဘန်ကောက် BTS၊ မလေးရှားကလပ် မီလီကာယူနိုက်တက်၊ ဗီယက်နမ်ကလပ် ဆန်နာတက်နှင့် အင်ဒိုနီးရှားလိဂ်ပြိုင်ပွဲတွင် ဒုတိယဆုရအသင်းတို့ ပါဝင်နေသည်။ ပြိုင်ပွဲကို ဇူလိုင် ၁၅ ရက်မှ ၂၁ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ကျင်းပမည်ဖြစ်ပြီး မြန်မာကလပ် MIC အသင်းသည် သုံးကြိမ်မြောက် ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ AFF သည် ယင်းပြိုင်ပွဲကို ၂၀၁၅ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး MIC အသင်းသည် ၂၀၁၅၊ ၂၀၁၆ နှစ်နှစ်ဆက်တိုက် ၀င်ရောက်ယှဉ်ပြိုင်ရာ တတိယနေရာရရှိခဲ့သည်။ ပြီးခဲ့သည့်နှစ်တွင် PU အသင်း ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရသော်လည်း အုပ်စုအဆင့်မှ ထွက်ခဲ့ရကြောင်း သိရသည်။ MIC အသင်းသည် အုပ်စုပွဲများအဖြစ် ဇူလိုင် ၁၅ ရက်တွင် အာဘီဆာရမ် (ဘရူနိုင်း)၊ ဇူလိုင် ၁၆ ရက်တွင် ကွန်ချေမီရာ (ကမ္ဘောဒီးယား)၊ ဇူလိုင် ၁၇ ရက်တွင် East Coast Heat (သြစတြေးလျ) တို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အုပ်စုပွဲစဉ်များကို ဇူလိုင် ၁၅ ရက်မှ ၁၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဇူလိုင် ၁၉ ရက်၊ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲကို ဇူလိုင် ၂၁ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

MIC အသင်းသည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဖူဆယ်လိဂ်ပြိုင်ပွဲ၌ ချန်ပီယံဆု လွဲချော်ခဲ့ပြီး ယခုနှစ်တွင် ပထမဆုံးကျင်းပသည့် MFF Open Cup ဖူဆယ်ပြိုင်ပွဲတွင်မူ အနိုင်ရဗိုလ်စွဲထားသည်။ MIC အသင်းသည် အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲတွင် အောင်မြင်မှုရရန် ပစ်မှတ်ထားနေသည်။

April 22, 2018














Copy Protected by Chetan's WP-Copyprotect.