ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ် ကလပ်များ၏ အမြတ်ငွေပမာဏ စံချိန်တင် ပေါင် သန်း (၅၀၀) အထိရှိ

ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ် ကလပ်များ၏ အမြတ်ငွေပမာဏ စံချိန်တင် ပေါင် သန်း (၅၀၀) အထိရှိ
Published 21 April 2018

ပြီးခဲ့သည့်ရာသီတွင် ဆုကြေးအများဆုံးရရှိခဲ့သည့် ၂၀၁၆-၁၇ ရာသီပရီးမီးယားလိဂ်ချန်ပီယံချယ်လ်ဆီးအသင်း Photo-AFP

ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ရာသီတွင် ပရီးမီးယားလိဂ်ကလပ်များ၏ အမြတ်ငွေ ပမာဏသည် စံချိန်တင်အဖြစ် အခွန်မဆောင်မီ ပေါင်သန်း ၅၀၀ အထိရှိကြောင်း Deloitte စာရင်းအင်းကုမ္ပဏီ၏ထုတ်ပြန်ချက်အရ သိရသည်။

ယခုနှစ်ရာသီတွင် စံချိန်တင်အမြတ်ငွေအများဆုံးရဖွယ်ရှိနေသည့် ပရီးမီးလိဂ်ချန်ပီယံမန်စီးတီးအသင်း Photo-AFP

Deloitte ကုမ္ပဏီ၏ အားကစားစီးပွား ရေးအဖွဲ့က ဧပြီ (၂၀) ရက်တွင်ထုတ်ပြန်သည့် စာရင်းအရ ပရီးမီးယားလိဂ်ကလပ်အသင်းများအနေဖြင့် ရုပ်သံထုတ်လွှင့်ခွင့်ဝင်ငွေမြင့် တက်လာသည့်အပြင် FFP (ဘဏ္ဍာရေးသာ တူညီမျှစည်းမျဉ်း) အရ လစာနှင့် အပြောင်းအရွှေ့အသုံးစရိတ် ကန့်သတ်ထိန်းချုပ်ခဲ့ရ သောကြောင့် ယင်းကဲ့သို့ အမြတ်ငွေပမာဏ စံချိန်တင်ရရှိခြင်းဖြစ်ကြောင်း သိရသည်။

ကလပ်အသင်းများ၏ လစာပေးချေမှုစရိတ်သည် ယခင်ရာသီထက် (၂၅) ရာခိုင်နှုန်းမြင့်တက်လာပြီး စံချိန်တင်အဖြစ် ပေါင် (၂ . ၅) ဘီလီယံအထိ ရောက်ရှိလာသော်လည်း ၂၀၁၆ မှ ၂၀၁၉ ခုနှစ်အထိ စံချိန်တင်ပမာဏ ပေါင် (၅ . ၁ )  ဘီလီယံဖြင့် ချုပ်ဆိုထားသည့် ရုပ်သံထုတ်လွှင့်ခွင့်စာချုပ်အရ ဝင်ငွေရရှိမှု အလွန်မြင့်တက်လာသောကြောင့် ဝင်ငွေနှင့် လစာပေးချေရမှုအချိုးမှာ သိသာစွာကွာဟသွားပြီဖြစ်ကြောင်း သိရသည်။

၂၀၁၆-၂၀၁၇ ရာသီတွင် ပရီးမီးယားလိဂ်ကလပ်များ၏ အခွန်မဆောင်မီအမြတ်ငွေသည် ၂၀၁၃-၂၀၁၄ ရာသီက ပေါင်သန်း (၂၀၀) ဖြင့် စံချိန်တင်ထားသည့်ပမာဏထက် သုံးဆနီးပါးပို များကြောင်း သိရသည်။ ၎င်းတို့အနေဖြင့် ရုပ်သံထုတ်လွှင့်ခွင့်စာချုပ် ဒုတိယနှစ်တွင် ဝင်ငွေရရှိမှု ပိုများလာမည်ဖြစ်သောကြောင့် ယခုရာသီတွင်လည်း အမြတ်ငွေပမာဏထပ်မံ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။

Most Read

Most Recent