အင်္ဂလန်ကလပ် လိဒ်စ်ယူနိုက်တက်အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲကို ရန်ကုန်နှင့် မန္တလေးမြို့၌ ကျင်းပမည်

အင်္ဂလန်ကလပ် လိဒ်စ်ယူနိုက်တက်အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲကို ရန်ကုန်နှင့် မန္တလေးမြို့၌ ကျင်းပမည်
Published 20 April 2018

မြန်မာနိုင်ငံ၌ ခြေစမ်းပွဲနှစ်ပွဲ လာရောက်ကစားမည့် လိဒ်စ်ယူနိုက်တက်အသင်း (Photo: Goal.com)

မြန်မာနိုင်ငံ၌ ခြေစမ်းပွဲလာရောက် ကစားမည့် အင်္ဂလန်လိဂ်ချန်ပီယံရှစ်ကလပ် လိဒ်စ်ယူနိုက်တက်အသင်းနှင့် ခြေစမ်းပွဲများကို ရန်ကုန်နှင့် မန္တလေးမြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် လိဒ်စ်ယူနိုက်တက် အသင်းနှင့် ခြေစမ်းကစားရန် မြန်မာ့လက်ရွေးစင်အသင်းနှင့် MNL All Star အသင်းအား ရွေးချယ်ထားသည်။

ခြေစမ်းပွဲများအဖြစ် မေ ၉ ရက်တွင် သုဝဏ္ဏကွင်း၌ MNL All Star အသင်းနှင့် လိဒ်စ်ယူနိုက်တက်အသင်း၊ မေ ၁၁ ရက်တွင် မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ မြန်မာ့လက်ရွေးစင်အသင်းနှင့် လိဒ်စ်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ခြေစမ်းပွဲနှစ်ပွဲစလုံးကို ညနေ ၆ နာရီတွင် ကျင်းပမည်ဖြစ်သည်။ ယင်းခြေစမ်းပွဲဖြစ်မြောက်ရန် AYA Bank က ပံ့ပိုးကူညီခြင်းဖြစ်ပြီး AYA Bank Tour 2018 အဖြစ် ကျင်းပမည်ဖြစ်သည်။ MFF သည် ယင်းခြေစမ်းပွဲအတွက် ဧပြီ ၁၈ ရက် ညနေပိုင်းတွင် အစည်းအဝေးပြုလုပ်၍ အတည်ပြုခဲ့ပြီး ဧပြီ ၁၉ ရက် နံနက်ပိုင်း တွင် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ MFF သည် မြန်မာ့ဘောလုံးတိုးတက်ရေးအတွက် ဥရောပကလပ်အသင်းအချို့နှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိပြီး လိဒ်စ်ယူနိုက်တက်အသင်းပိုင်ရှင်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီတွင် ရန်ကုန်မြို့သို့လာရောက်၍ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့်တွေ့ဆုံခဲ့ပြီး ခြေစမ်းပွဲ ကစားရန် ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ လိဒ်စ်ယူနိုက်တက်အသင်း ခြေစမ်းပွဲ လာရောက်ကစားရန် လေယာဉ်စရိတ်၊ တည်းခိုစရိတ် အပါအဝင် ကုန်ကျစရိတ်အားလုံးကို MFF က အကုန်အကျခံ ဆောင်ရွက်ပေးခြင်း ဖြစ်ပြီး ခြေစမ်းပွဲကစားသည့်အတွက် ပေးချေရသည့်ငွေကြေးကိုမူ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။ “လိဒ်စ်ယူနိုက်တက်အသင်း ခြေစမ်းပွဲလာကစားဖို့ အချိန်ယူဆောင်ရွက်ခဲ့ရပါတယ်။ ကုန်ကျစရိတ်များပြီး ဘယ်လောက်အထိ ကုန်ကျမလဲဆိုတာတော့ ခြေစမ်းပွဲ အတွက်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှ ထုတ်ပြန်ကြေညာမှာပါ။ တခြားလိုအပ်တဲ့ အစီအစဉ်တွေ ဆောင်ရွက်နေပြီး ဧပြီ ၂၀ ရက်မှာ အစည်းအဝေးပြုလုပ်ပြီးရင် ထပ်မံ အတည်ပြုဖို့ရှိပါတယ်” ဟု MFF မီဒီယာ ဒါရိုက်တာ ဦးဇော်မင်းထိုက်က ပြောကြားသည်။

မြန်မာ့ဘောလုံး ပရော်ဖက်ရှင်နယ်စနစ် ကူးပြောင်းပြီးနောက်ပိုင်း နိုင်ငံတကာ နှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်လာပြီး ၂၀၁၇ ခုနှစ် သြဂုတ်တွင် အီတလီကလပ် အင်တာမီလန်လူငယ်အသင်း မြန်မာနိုင်ငံသို့လာရောက်၍ မြန်မာ ယူ-၁၈ အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားခဲ့သည်။ လိဒ်စ်ယူနိုက်တက်နှင့် ခြေစမ်းပွဲကိုလည်း မန္တလေးပရိသတ်များအတွက် မြို့နှစ်မြို့၌ ကျင်းပခြင်းဖြစ်သည်။

Most Read

Most Recent