<

ချယ်လ်ဆီးနောက်ခံလူ မားကို့စ်အလွန်ဆို (၃)ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရ

Photo: Sky Sports

ချယ်လ်ဆီးနောက်ခံလူ မားကို့စ်အလွန်ဆိုသည် ဆောက်သမ်တန်နှင့် ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲတွင် ပြိုင်ဘက်တိုက်စစ်မှူး ရှိန်းလောင်းကို ကြမ်းတမ်းစွာ ဖျက်ထုတ်ခဲ့ခြင်းအတွက် (၃)ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံလိုက်ရကြောင်း သိရှိရသည်။

စပိန်ကစားသမား မားကို့စ်အလွန်ဆိုသည် ရှိန်းလောင်းကို အန္တရာယ်ဖြစ်စေနိုင်လောက်သည့် ဖျက်ထုတ်မှုပြုလုပ်ခဲ့ခြင်းဖြစ်သော်လည်း ကွင်းလယ်ဒိုင် မိုက်ဒင်းက အရေးယူခဲ့ခြင်းမရှိသည့်အတွက် ဆောက်သမ်တန်နည်းပြ မာ့ခ်ဟုခ်ျကလည်း ဝေဖန်ပြစ်တင်ခဲ့သည်။

မာ့ခ်ဟုခ်ျက “ကျွန်တော့်အမြင်ကတော့ ဒါဟာ အနီကတ်ပြရမယ့် ဆိုးရွားတဲ့ဖျက်ထုတ်မှုပါပဲ။ ဒါကို (၁၀)မီတာနဲ့ (၁၅)မီတာအတွင်းမှာရှိနေကြတဲ့ ဒိုင်လူကြီးတွေ မမြင်ဘူးဆိုတာတော့ စိတ်ပျက်စရာကောင်းပါတယ်” ဟုပြောကြားခဲ့သည်။

ယင်းဖြစ်ရပ်ကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)၏ စည်းကမ်းထိန်းသိမ်းရေးကော်မရှင်က ရုပ်သံမှတ်တမ်းများ ပြန်လည်ကြည့်ရှုကာ (၃)ပွဲပယ်ပြစ်ဒဏ်ချမှတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် မားကို့စ်အလွန်ဆိုသည် ယနေ့ည ယှဉ်ပြိုင်ကစားရမည့် ဘန်လေနှင့်ပွဲတွင် ပါဝင်ကစားရတော့မည်မဟုတ်သလို၊ ဆောက်သမ်တန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် FA ဖလားဆီမီးဖိုင်နယ်နှင့် ဆွမ်ဆီးနှင့် ပရီးမီးယားလိဂ်ပွဲများကိုလည်း လွဲချော်ရမည်ဖြစ်သည်။

မားကို့စ်အလွန်ဆိုသည် PFA မှရွေးချယ်သည့် ယခုရာသီပရီးမီးယားလိဂ်အကောင်းဆုံးအသင်းတွင် ချယ်လ်ဆီးအသင်းမှ ရွေးချယ်ခံခဲ့ရသည့် တစ်ဦးတည်းသောကစားသမားလည်းဖြစ်သည်။

April 19, 2018














Copy Protected by Chetan's WP-Copyprotect.