ရာအူးလ်ကို ယူ-၁၈ အသင်းနည်းပြအဖြစ် ခန့်အပ်ရန် ရီးယဲလ်ရည်ရွယ်ထား

ရာအူးလ်ကို ယူ-၁၈ အသင်းနည်းပြအဖြစ် ခန့်အပ်ရန် ရီးယဲလ်ရည်ရွယ်ထား
Published 19 April 2018

Photo: Getty Images

ရီးယဲလ်အသင်းသည် တိုက်စစ်မှူးဟောင်း ရာအူးလ်ကို ယူ-၁၈ လူငယ်အသင်း၏နည်းပြအဖြစ် ခန့်အပ်ရန် ရည်ရွယ်ထားကြောင်း စပိန်သတင်းစာ Marca ကဖော်ပြခဲ့သည်။

ရာအူးလ်သည် မက်ဒရစ်မြို့တွင် စပိန်ဘောလုံးအဖွဲ့ချုပ်မှ ဖွင့်လှစ်သည့် နည်းပြသင်တန်းကို စပိန်လက်ရွေးစင်ဟောင်းများနှင့်အတူ စတင်တက်ရောက်နေပြီဖြစ်ပြီး နည်းပြဘဝသို့ဝင်ရောက်ရန် ရည်ရွယ်ထားကြောင်းလည်း ဝန်ခံခဲ့သည်။

ရာအူးလ်က "ကျွန်တော် နည်းပြဖြစ်ချင်ပါတယ်။ ရီးယဲလ်အသင်းနဲ့ ဇွန်လထဲမှာ ဆွေးနွေးသွားဖို့လည်း စီစဉ်ထားပါတယ်။ ပရော်ဖက်ရှင်နယ်နည်းပြအဖြစ် ဆောင်ရွက်နိုင်ဖို့ ပထမဆုံးအဆင့်အဖြစ် လူငယ်အသင်းတွေမှာ တစ်နှစ်လောက် အတွေ့အကြုံယူရဦးမှာပါ။ နည်းပြဘဝက ကျွန်တော့်အနာဂတ်အတွက် စိတ်လှုပ်ရှားစရာစိန်ခေါ်မှု အသစ်ပါပဲ"ဟု ဆိုခဲ့သည်။

ရီးယဲလ်အသင်းသည် လက်ရှိအချိန်၌ ကွင်းလယ်ကစားသမားဟောင်း ဂူတီကို ယူ-၁၉ နည်းပြအဖြစ် တာဝန်ပေးထားသလို၊ ယူ-၁၈ အသင်းကိုလည်း အခြားကစားသမားဟောင်းတစ်ဦးက ကိုင်တွယ်နေသည်။

သို့သော် လာမည့်ရာသီတွင် ဂူတီကို အရန်အသင်းနည်းပြအဖြစ် တိုးမြှင့်ပေးသွားရန် စီစဉ်နေသည့်အပြင် ရာအူးလ်ကို ယူ-၁၈နည်းပြအဖြစ် ပြောင်းလဲခန့်အပ်သွားရန် ရည်ရွယ်ထားကြောင်းလည်း သိရှိရသည်။

Most Read

Most Recent