၂၀၁၇-၂၀၁၈ ရာသီအတွက် PFA အကောင်းဆုံးအသင်းတွင် ချန်ပီယံမန်စီးတီးအသင်းမှ ငါးဦးဖြင့် အများဆုံးရွေးချယ်ခံရ

၂၀၁၇-၂၀၁၈ ရာသီအတွက် PFA အကောင်းဆုံးအသင်းတွင် ချန်ပီယံမန်စီးတီးအသင်းမှ ငါးဦးဖြင့် အများဆုံးရွေးချယ်ခံရ
Published 19 April 2018

Photo: PFA

ဗြိတိန်ရှိ ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့ချုပ် PFA က ၂၀၁၇-၂၀၁၈ ရာသီအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးအသင်းကို ဧပြီ ၁၈ ရက်တွင် ထုတ်ပြန်ကြေညာရာ ချန်ပီယံမန်စီးတီးအသင်းမှ ငါးဦးဖြင့် အများဆုံးရွေးချယ်ခံခဲ့ရကြောင်း သိရသည်။

PFA သည် ယခုရာသီ အကောင်းဆုံး အသင်းအား (၄-၃-၃) ပုံစံကစားကွက်ဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး မန်စီးတီးအသင်းမှ ငါးဦး၊ စပါးအသင်းမှ သုံးဦးနှင့် မန်ယူ၊ ချယ်လ်ဆီး၊ လီဗာပူးလ်အသင်းမှ တစ်ဦးစီရွေးချယ် ခံခဲ့ရသည်။

တိုက်စစ်သုံးဦးနေရာတွင် ပရီးမီးယားလိဂ်ဂိုးအများဆုံးစာရင်း၌ ဂိုး ၃၀ ဖြင့် ဦးဆောင်နေသည့် ဆာလာ (လီဗာပူးလ်)၊ ၂၆ ဂိုးသွင်းယူထားသည့် ဟာရီကိန်း (စပါး) နှင့် ၂၁ ဂိုးသွင်းယူထားသည့် အဂွဲရိုး (မန်စီးတီး) တို့ ရွေးချယ်ခံခဲ့ရသည်။

အဂွဲရိုးသည် ပရီးမီးယားလိဂ်ကစားသမားဘ၀ ခုနစ်ရာသီအတွင်း လိဂ်ဂိုး ၁၄၃ ဂိုးအထိ သွင်းယူထား သော်လည်း ယခုစာရင်းတွင် ပထမဆုံးအကြိမ် ရွေးချယ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

ကွင်းလယ်သုံးဦးနေရာတွင် ဒေးဗစ်ဆေးလ်ဗားနှင့် ဒီဘရိုင်းနား (မန်စီးတီး)၊ အဲရစ်ဆင် (စပါး)၊ နောက်ခံလူလေးဦးနေရာတွင် ဝေါ်လ်ကာနှင့် အော်တာမန်ဒီ (မန်စီးတီး)၊ ဗာတွန်ဂန် (စပါး)၊ မားကို့စ်အလွန်ဆို (ချယ်လ်ဆီး) နှင့် ဂိုးသမားနေရာတွင် ဒီဂီယာ (မန်ယူ) တို့ ရွေးချယ်ခံခဲ့ရသည်။

PFA သည် တစ်ရာသီ အကောင်းဆုံးကစားသမားနှင့် လူငယ်ကစားသမားဆုလည်း ပေးအပ်ချီးမြှင့်မည်ဖြစ်သည်။

Most Read

Most Recent