ဘုန်းမောက်ကို အနိုင်ယူပြီး ဖိအားတွေ လျှော့ချခဲ့တဲ့ မန်ချက်စတာယူနိုက်တက်

ဘုန်းမောက်ကို အနိုင်ယူပြီး ဖိအားတွေ လျှော့ချခဲ့တဲ့ မန်ချက်စတာယူနိုက်တက်
Published 19 April 2018

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဝက်စ်ဘရွန်းကို အိမ်ကွင်းမှာရှုံးခဲ့လို့ ဝေဖန်ခံနေရတဲ့ မန်ချက်စတာယူနိုက်အသင်းက အဝေးကွင်းမှာ ဘုန်းမောက်ကို အနိုင်ယူပြီး ဖိအားတွေကို လျှော့ချခဲ့ပါတယ်။

စပါးနဲ့ FA ဖလားကစားရမယ့် မန်ချက်စတာယူနိုက်တက်က အလက်ဆစ်ဆန်းချက်ဇ်၊ လူကာကူ၊ ဗလင်စီယာ၊ အက်ရှ်လေယန်းစတဲ့ အဓိကကစားသမားတချို့ကို အနားပေးခဲ့ပြီး တိုက်စစ်မှာ မာစီယဲလ်၊ လင်ဂတ်၊ ရပ်ရှ်ဖို့ဒ်တို့နဲ့ တိုက်စစ်မှူးစစ်စစ်မပါဝင်တဲ့ ကစားကွက်ကို ခင်းကျင်းခဲ့တယ်။ ကွင်းလယ်မှာ ဖယ်လေနီ၊ ပေါ့ဘာ၊ ဟာရဲရားတို့ သုံးဦးကို ထားကစားခဲ့ပါတယ်။ ကွင်းလယ်ကစားသမားသုံးဦးစလုံးက ခံစစ်ထက် တိုက်စစ်ကို ဦးစားပေးခဲ့လို့ ဘုန်းမောက်ရဲ့ တန်ပြန်တိုက်စစ်တွေကို ထိန်းချုပ်ရာမှာ မန်ချက်စတာယူနိုက် အားနည်းချက်ရှိခဲ့တယ်။ ပထမပိုင်းမှာ အိုက်ဘ်၊ ဖရေဆာတို့ မန်ချက်စတာယူနိုက်တက် ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပြီး ကန်ချက်တွေ မမှန်ခဲ့လို့သာ ဂိုးမပေးခဲ့ရတာပါပဲ။ (၂၈)မိနစ်မှာ မန်ချက်စတာယူနိုက်တက် အဖွင့်ဂိုးရခဲ့ပါတယ်။ လင်ဂတ်ရဲ့ ပေးပို့မှုကို စမောလင်းက လျှောထိုးပိတ်သွင်းခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းအတွက် စမောလင်း ဂိုးသွင်းယူနေစဉ်

အဖွင့်ဂိုးသွင်းယူပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်း အောင်ပွဲခံနေစဉ်

ဒုတိယပိုင်းမှာတော့ မန်ချက်စတာယူနိုက်တက်အသင်း ပထမပိုင်းကထက် အခွင့်အရေးတွေ ပိုရလာတယ်။ (၆၃)မိနစ်မှာ လင်ဂတ်နေရာ လူကာကူဝင်လာပြီးနောက် ဘုန်းမောက်ခံစစ်ဖရိုဖရဲ ပိုဖြစ်လာပါတယ်။ မိနစ် (၇၀)မှာ ပေါ့ဘာတစ်ကိုယ်တော်ဆွဲပြေးပြီးဖန်တီးပေးတာကို လူကာကူက အပိုင်အဆုံသတ်ပြီး မန်ချက်စတာယူနိုက်တက်အတွက် ဒုတိယဂိုးသွင်းယူခဲ့ပါတယ်။ အဲဒီနောက်မှာ မန်ချက်စတာယူနိုက်တက်အသင်းက မာတစ်၊ ဘလင်းတို့ကိုထည့်ပြီး အနိုင်ကို ထိန်းကစားသွားခဲ့ပါတယ်။

ရလဒ်

ဘုန်းမောက် ဝ-၂ မန်ချက်စတာယူနိုက်တက်

Most Read

Most Recent