တရုတ်စူပါလိဂ်သို့ ပြောင်းရွှေ့မည်ကို စပိန်ဘုရင့်ဖလားဗိုလ်လုပွဲအပြီးတွင် အင်နီယေစတာ ကြေညာဖွယ်ရှိကြောင်း သတင်းထွက်ပေါ်

တရုတ်စူပါလိဂ်သို့ ပြောင်းရွှေ့မည်ကို စပိန်ဘုရင့်ဖလားဗိုလ်လုပွဲအပြီးတွင် အင်နီယေစတာ ကြေညာဖွယ်ရှိကြောင်း သတင်းထွက်ပေါ်
Published 17 April 2018

Photo: AS

ဘာစီလိုနာအသင်း၏ စပိန်ကွင်းလယ်ကစားသမား အင်နီယေစတာသည် ယခုရာသီအကုန်တွင် တရုတ်စူပါလိဂ်သို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း Marca နှင့် AS တို့က ဖော်ပြခဲ့ကြသည်။

အင်နီယေစတာသည် ဘာစီလိုနာအသင်းနှင့် လမ်းခွဲတော့မည်ဟု ယခုရာသီတစ်လျှောက်လုံး သတင်းကြီးနေခဲ့သူဖြစ်ပြီး ၎င်းကိုယ်တိုင်ကလည်း ဧပြီလအတွင်း ဆုံးဖြတ် သွားမည်ဟု ပြောကြားခဲ့ဖူးသည်။

ဘာစီလိုနာ ပရိသတ်များက အင်နီယေစတာကို အသင်းတွင် ဆက်ကစားရန် တောင်းဆိုခဲ့သော်လည်း ဘာစီလိုနာအသင်း တာဝန်ရှိသူများကမူ အင်နီယေစတာကို စိတ်ကြိုက်ဆုံးဖြတ်ရန် လမ်းဖွင့်ပေးထားခဲ့ကြောင်းလည်း သိရှိရသည်။

အင်နီစတာသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အနာဂတ်အတွက် ဆုံးဖြတ်ချက်ချမှတ်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် စပိန်မီဒီယာများက အင်နီယေစတာ ရွေးချယ်ခဲ့သည်မှာ တရုတ်စူပါလိဂ်ဖြစ်သည်ဟု ဖော်ပြခဲ့ကြခြင်းဖြစ်သည်။

AS သတင်းစာက တရုတ်စူပါလိဂ်ကလပ် အသင်းတစ်သင်းသည် အင်နီယေစတာကို (၃)နှစ်စာချုပ်ချုပ်ဆိုရန် သဘောတူညီမှု ရရှိခဲ့ပြီဟု ဖော်ပြခဲ့ပြီး Marca ကလည်း အင်နီယေစတာထုတ်လုပ်သည့် ဝိုင်ပုလင်းများ တရုတ်တွင် ရောင်းအားကောင်းနေခြင်းမှာလည်း ယခု အပြောင်းအရွှေ့အတွက် အဓိကကျသည့်အချက်တစ်ချက်ဖြစ်သည်ဟု သုံးသပ်ခဲ့သည်။

ထို့ပြင် အင်နီယေစတာသည် ယခုဆုံးဖြတ်ချက်ကို ဧပြီ(၂၁)၌ယှဉ်ပြိုင်မည့် စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲအပြီးတွင် ကြေညာဖွယ်ရှိသည်ဟုလည်း ဖော်ပြခဲ့ကြသည်။

Most Read

Most Recent