ပရီးမီးယားလိဂ်ဖလားရယူရန် မန်ယူသို့ ပြန်လာခဲ့ခြင်းဖြစ်သည်ဟု ပေါ့ဘာ ပြောကြား

ပရီးမီးယားလိဂ်ဖလားရယူရန် မန်ယူသို့ ပြန်လာခဲ့ခြင်းဖြစ်သည်ဟု ပေါ့ဘာ ပြောကြား
Published 17 August 2017

Photo: Getty Images

မန်ယူအသင်း၏ ကွင်းလယ်ကစားသမား ပေါ့ဘာက မိမိအနေဖြင့် မန်ယူအသင်းသို့ ပြန်လာရန် ဆုံးဖြတ်ခဲ့ခြင်းမှာ ပရီးမီးယားလိဂ်ဖလားကို မန်ယူအသင်းနှင့်အတူ ရယူရန်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ပေါ့ဘာသည် ပြီးခဲ့သည့်နှစ် နွေရာသီက ဂျူဗင်တပ်စ်အသင်းမှ မန်ယူအသင်းသို့ စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာခဲ့သူဖြစ်သည်။

သူသည် လူငယ်ကစားသမားဘဝက မန်ယူအသင်းတွင် ဖြတ်သန်းခဲ့ဖူးပြီး ၂၀၁၂ ခုနှစ်တွင် ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

ပေါ့ဘာသည် ပြီးခဲ့သည့်ရာသီက မန်ယူအသင်းနှင့် လိဂ်ဖလားနှင့် ယူရိုပါလိဂ်ဖလားများ ရယူနိုင်ခဲ့သော်လည်း ပရီးမီးယားလိဂ်တွင်မူ အဆင့်(၆)နေရာနှင့်သာ အဆုံးသတ်ခဲ့ရသည်။

Photo: PA

ယင်းအခြေအနေနှင့်ပတ်သက်ပြီး ပေါ့ဘာက "ဒီအသင်းအတွက် ကစားခွင့်ရဖို့က ကျွန်တော့်ရဲ့အိပ်မက်တစ်ခုပါ။ ၂၀၁၂ ခုနှစ်မှာ လမ်းခွဲခဲ့ရတဲ့နောက် မန်ယူအသင်းမှာ ကျွန်တော် လက်လွှတ်ဆုံးရှုံးခဲ့ရတာတွေရှိခဲ့တယ်လို့ အမြဲခံစားခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် မန်ယူအသင်းရဲ့ ပထမကစားသမား မဖြစ်ခဲ့တာကြောင့်ပါ။ အခု ပြန်ရောက်လာချိန်မှာတော့ ကျွန်တော် ပျော်ရွှင်ကျေနပ်နေပါတယ်။ အီတလီမှာ ကျွန်တော် အများကြီးတိုးတက်လာခဲ့ပြီး လူကြီးတစ်ယောက်အဖြစ် ပြန်လာနိုင်ခဲ့တာပါ။ ပရီးမီးယားလိဂ်ဖလားကို မန်ယူအသင်းနဲ့အတူ အရယူသွားမယ်လို့ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ပြီး ပြန်လာခဲ့တာပါ" ဟု ပြောကြားခဲ့သည်။

မန်ယူအသင်းသည် ယခုရာသီပရီးမီးယားလိဂ်ပြိုင်ပွဲတွင် မန်စီးတီးနှင့်အပြိုင် ဗိုလ်စွဲရန် ရေပန်းအစားဆုံးအသင်းတစ်သင်းအဖြစ် သတ်မှတ်ခံထားရပြီး အဖွင့်ပွဲစဉ်တွင် ဂိုးပြတ်နိုင်ပွဲရယူကာ အမှတ်ပေးဇယားကို ဦးဆောင်လျက်ရှိသည်။

Most Read

Most Recent