မြန်မာတို့ရဲ့ မျှော်လင့်ချက်

မြန်မာတို့ရဲ့ မျှော်လင့်ချက်
Published 17 August 2017

 

မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ (၂၉) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲကို စတင်ကျင်းပနေပြီဖြစ်ပါတယ်။ မြန်မာအားကစားအဖွဲ့အတွက် စိန်ခေါ်မှု ကြီးမားတဲ့ပြိုင်ပွဲဖြစ်ပြီး အောင်မြင်မှုတွေ ထပ်မံရယူနိုင်ဖို့  အရေးကြီးတဲ့ကာလကို ရောက်ရှိနေပြီဖြစ်ပါတယ်။ မြန်မာအားကစားသမားတွေရဲ့ လက်ရှိအနေအထား၊ ပြင်ဆင် ဆောင်ရွက်ထားမှု၊ ပြိုင်ဘက်နိုင်ငံတွေရဲ့ တိုးတက်မှုတွေကို ကြည့်ရင် မြန်မာအားကစားအဖွဲ့အနေနဲ့ ရွှေတံဆိပ်အများကြီးရဖို့ ခက်ခဲနိုင်ပါတယ်။ အခက်အခဲတွေကြားက မြန်မာကစားသမားတွေရဲ့ ရွှေဆုရယူနိုင်ဖို့ ရုန်းကန်မှု၊ နိုင်လိုစိတ် ပြင်းထန်မှု၊ ကြိုးစားအားထုတ်မှုတို့ကို တွေ့မြင်ရတော့မှာဖြစ်ပါတယ်။

မြန်မာအားကစားအဖွဲ့အနေနဲ့ အခု ပြိုင်ပွဲမှာ အားကစားနည်း ၂၉ မျိုး ဝင်ရောက် ယှဉ်ပြိုင်နေပြီး ပွဲစဉ်ရေးဆွဲထားမှုအရ ဖွင့်ပွဲမတိုင်မီ ရွှေဆုရမှာဖြစ်ပါတယ်။ မြန်မာ့ရိုးရာ အားကစားနည်းဖြစ်တဲ့ ခြင်းလုံးပြိုင်ပွဲကို ပိုက်ကျော်ခြင်းပြိုင်ပွဲရဲ့ အစမှာ ထည့်သွင်းကျင်းပ မှာဖြစ်တာကြောင့် မြန်မာနိုင်ငံအနေနဲ့ ရွှေဆုရဖို့ ကျိန်းသေသွားခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အားကစားနည်း (၂၉) မျိုးမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပေမယ့် ရွှေရနိုင်တဲ့ အားကစားနည်းကတော့ ၁၀ မျိုးထက် မပိုပါဘူး။ ရွှေတံဆိပ်မျှော်မှန်းနိုင်တဲ့ အား ကစားနည်းတွေထဲမှာ ခြင်းလုံး၊ မြားပစ်၊ ပိုက်ကျော်ခြင်း၊ ဂျူဒို၊ ဝူရှူး၊ တိုက်ကွမ်ဒို၊ သေနတ်ပစ်၊ ပီတန်း၊ ဘိလိယက် အားကစားနည်းတို့ ပါဝင်နေပါတယ်။ ရွှေမျှော်မှန်းထားတဲ့ အားကစားနည်းတွေထဲမှာ ချွတ်ချော်မှုရှိခဲ့ရင်တောင် အများစုကတော့ အနည်းဆုံးတစ်ခုစီ ရယူနိုင်မှာ သေချာပါတယ်။ ဒီအားကစားနည်းတွေရဲ့ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း စွမ်းဆောင်မှုတွေကိုကြည့်ရင် ဂျူဒိုအားကစားအဖွဲ့ရဲ့စွမ်းဆောင်မှုက မြင့်မားနေတာကိုတွေ့ ရပါတယ်။ မြန်မာအားကစားအဖွဲ့ရဲ့ လက်ရှိအနေအထားကို အနီးစပ်ဆုံး သုံးသပ်နိုင်ဖို့အတွက် ၂၀၀၇ ပြိုင်ပွဲကနေ ၂၀၁၅ ပြိုင်ပွဲ အထိ ဆီးဂိမ်းစ်ပြိုင်ပွဲ ရလဒ်တွေကိုကြည့်ရင် ဂျူဒိုအဖွဲ့က အကြိမ်တိုင်း ရွှေဆုရထားတာကို တွေ့ရမှာပါ။ ၂၀၀၇ ကနေ ၂၀၁၅ ခုနှစ်အထိ ဆီးဂိမ်းစ်ပြိုင်ပွဲ ငါးကြိမ်မှာဂျူဒိုအဖွဲ့က ငါးကြိမ်စလုံး ရွှေဆုရယူနိုင်ခဲ့ပါတယ်။ မြန်မာဂျူဒိုအဖွဲ့ရဲ့ စွမ်းဆောင်မှုတွေကိုကြည့်ရင် ၂၀၀၇ ပြိုင်ပွဲမှာ အေးအေးအောင်၊ ၂၀၀၉ ပြိုင်ပွဲမှာ ဟိန်းလတ်ဇော်နဲ့ ဇင်လင်းအောင်၊ ၂၀၁၁ ပြိုင်ပွဲမှာ အေးအေးအောင်၊ ၂၀၁၃ ပြိုင်ပွဲမှာ ဇင်လင်းအောင်၊ အေးအေးအောင်၊ ရန်နိုင်စိုးနဲ့ ဆဲလ်ဝီး၊ ၂၀၁၅ ပြိုင် ပွဲမှာ ရန်နိုင်စိုးနဲ့ ခင်မျိုးသူတို့က ရွှေဆုရယူ နိုင်ခဲ့ပါတယ်။ ရွှေဆုရယူပေးခဲ့တဲ့ ဂျူဒိုကစားသမားတွေထဲက အေးအေးအောင်တစ်ဦးတည်းသာ ပြန်ပါလာပြီး ကျန်ကစားသမားတွေကတော့ အသစ်ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာဂျူဒိုအဖွဲ့ ရွှေဆုရဖို့က အေးအေးအောင်အပေါ်မှာ လုံးဝမူတည်နေပါတယ်။ အိမ်ရှင် မလေးရှားနိုင်ငံဟာ သူတို့အားနည်းတဲ့ ဝိတ်တန်းအကြီးတွေ ထည့်သွင်းကျင်းပမှာမဟုတ်တာကြောင့် မြန်မာအသင်းအတွက် နစ်နာသွားခဲ့ရပါတယ်။ မြန်မာဂျူဒိုအဖွဲ့က ဝိတ်တန်းအကြီးတွေမှာ ပိုပြီးအားသာတာဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်ခုအတွင်း မြန်မာနိုင်ငံအတွက် ရွှေဆုပုံမှန်ရယူပေးနေတဲ့ မြန်မာ ဂျူဒိုအဖွဲ့ အောင်မြင်မှုအစဉ်အလာကို ဆက်ထိန်းထားနိုင်ဖို့ပဲလိုပါတယ်။ ကျန်တဲ့အားကစားနည်းတွေရဲ့ ပြီးခဲ့တဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲ ငါးကြိမ် စွမ်းဆောင်မှုကိုကြည့်ရင် အနည်းဆုံးတစ်ကြိမ်နဲ့ နှစ်ကြိမ် ရွှေဆုလက်လွှတ်ခဲ့ရတာမျိုး ရှိပါတယ်။ တိုက်ကွမ်ဒိုအဖွဲ့ဆိုရင် ၂၀၀၇ ကနေ ၂၀၁၃ အထိ ရွှေဆုဆက်တိုက်ရခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂၀၁၅ ပြိုင်ပွဲမှာ ရွှေဆုနဲ့ဝေးခဲ့ရပါတယ်။ ဝူရှူးအဖွဲ့ဟာ ပြီးခဲ့တဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံအတွက် ဆုတံဆိပ်အများဆုံး ရယူပေးနိုင်ခဲ့ပြီး လက်ရှိမှာလည်း အားထားရတဲ့ ကစားသမားတွေဖြစ်တဲ့ စန္ဒီဦး၊ အေးသစ္စာမြင့်နဲ့ မြတ်သက်ဆုဝေဖြိုးတို့ ပါဝင်နေတာကြောင့် ရွှေဆုလက်လွတ်ရဖို့ တော့ မရှိပါဘူး။ ပိုက်ကျော်ခြင်း အားကစားနည်းကတော့ ပြီးခဲ့တဲ့ ၂၀၁၅ စင်ကာပူဆီး ဂိမ်းစ်ပြိုင်ပွဲမှာ ရွှေဆုတစ်ခုပဲရခဲ့တာကြောင့် ဒီနှစ်မှာ ပိုပြီးအားထုတ်ထားပြီး နှစ်ယောက်တွဲပြိုင်ပွဲရော လေးယောက်တွဲ ပြိုင်ပွဲမှာပါ ရွှေတံဆိပ်မျှော်မှန်းနိုင်ပါတယ်။ လေးယောက်တွဲပြိုင်ပွဲဟာ အိမ်ရှင်မလေးရှားနိုင်ငံက ပထမဆုံး ထည့်သွင်းကျင်းပတဲ့ပြိုင်ပွဲဖြစ်ပြီး ပြီးခဲ့တဲ့ ဆီးဂိမ်းစ်အကြိုပြိုင်ပွဲမှာတော့ မြန်မာအသင်းက ရွှေဆုရယူနိုင်ခဲ့ပါတယ်။ ဘိလိယက်အားကစားနည်းကလည်း ရွှေဆုရယူနိုင်မယ့် အားကစားနည်းတစ်ခုဖြစ်ပြီး နှစ်ယောက်တွဲပြိုင်ပွဲရော တစ်ဦးချင်းပြိုင်ပွဲမှာပါ မျှော်လင့်လို့ ရပါတယ်။ မြန်မာကစားသမားတွေရဲ့ အဓိကပြိုင်ဘက်တွေကတော့ ထိုင်းက ပရာပွတ်၊ စင်ကာပူက ပီတာဂေးလ်ခရစ်တို့ဖြစ်ပြီး သူတို့က မကြာခဏယှဉ်ပြိုင်နေကျဖြစ်လို့ အမှားမရှိရင် ရွှေဆုရယူနိုင်မှာပါ။  ဖွင့်ပွဲ အခမ်းအနားမတိုင်ခင် သြဂုတ် ၁၉ ရက် မတိုင်ခင် ရွှေဆုရယူထားနိုင်မယ့် မြန်မာအားကစားအဖွဲ့ရဲ့ အဆုံးသတ်ကတော့ ဖွင့်ပွဲအပြီး နောက်ပိုင်းနေ့ရက်တွေ ဖြစ်လာနိုင်ပါတယ်။ ငွေဆုသာ မျှော်မှန်းထားတဲ့ အားကစားနည်းတွေထဲက သုံး၊ လေးမျိုးလောက် ရွှေဆုရယူနိုင်ခဲ့မယ်ဆိုရင် မြန်မာအားကစားအဖွဲ့ ရွှေတံဆိပ်ရရှိမှုက တိုးတက်လာနိုင်ပါတယ်။

မြန်မာ အားကစားအဖွဲ့အနေနဲ့ ရွှေဆုရနိုင်တဲ့ အားကစားအဖွဲ့ထဲက ရွှေဆုပုံမှန်ရယူပြီး တခြားအားကစားနည်းတွေကလည်း ရွှေဆုရယူနိုင်ခဲ့မယ်ဆိုရင် အများကြီး အခြေအနေ ကောင်းသွားနိုင်ပါတယ်။ စင်ကာပူ ဆီးဂိမ်းစ်မှာရခဲ့တဲ့ ရွှေဆု ၁၂ ခုထက် ပိုများ ဖို့တော့ မြန်မာအားကစားအဖွဲ့ ကြိုးစားရမှာပါ။